တရုတ်၏ အလူမီနီယံကုန်သွယ်မှုကို အမေရိကန်က စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပြီးနောက် လက်တုံ့ပြန်မှုများရှိလာနိုင်ဟု တရုတ်သတိပေး

တရုတ်၏ အလူမီနီယံကုန်သွယ်မှုကို အမေရိကန်က စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပြီးနောက် လက်တုံ့ပြန်မှုများရှိလာနိုင်ဟု တရုတ်သတိပေး
Published 30 November 2017

၂၀၁၆ ခုနှစ် ဧပြီ ၂၁ ရက်က ဟီပေပြည်နယ်ရှိ သံမဏိစက်ရုံတစ်ရုံ၌တွေ့ရသော အလုပ်သမားနှစ်ဦး (Photo - AFP)

တရုတ်က အမေရိကန်တွင် အလူမီနီယံထုတ်ကုန်များကို ဈေးလျှော့ရောင်းချနေဖွယ်ရှိခြင်းကို စုံစမ်းစစ်ဆေးရန် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ဆောင်ရွက်ခဲ့ပြီးနောက် တရုတ်စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန်အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်မည်ဟု တရုတ်က နိုဝင်ဘာ ၂၉ ရက်တွင် သတိပေးခဲ့သည်။

တရုတ်က ဒေါ်လာသန်းရာနှင့်ချီ၍ အလူမီနီယံပြားများ နှစ်စဉ်တင်သွင်းနေမှုကို အမေရိကန်က ထူးထူးခြားခြား ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ကုမ္ပဏီတစ်ခုက တောင်းဆိုမှုကြောင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ကူးသန်းရောင်းဝယ်ရေးဌာနက ကိုယ်တိုင်စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ခြင်းသည် ၁၉၉၁ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

အမေရိကန်ဘက်မှ လုပ်ဆောင်ချက်သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးသမိုင်းတွင် အလွန်ရှားပါးကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရားမျှတမှုမရှိသော ကုန်သွယ်မှု လုပ်ထုံးလုပ်ငန်းများကို သည်းခံမည်မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စတင်တာဝန်ထမ်းဆောင်သည့်နေ့မှာပင်  ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်သည်ဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝိုင်ဘာရော့က ပြောကြားခဲ့သည်။

အမေရိကန်သည် ယမန်နှစ်က တရုတ်ထံမှ အလူမီနီယံပြား ဒေါ်လာသန်း ၆၀၀ ကျော်ဖိုး တင်သွင်းခဲ့သည်။ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသော ယင်းအလူမီနီယံပြားသည် တရုတ်အစိုးရ၏ အရှုံးခံစိုက်ထုတ်မှုကြောင့် ဈေးအလွန်အမင်း သက်သာပြီး အမေရိကန်ဈေးကွက်တွင် ဈေးကွက်ပေါက်ဈေးထက် နိမ့်၍ရောင်းချခဲ့ဖွယ်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

တရုတ်အလူမီနီယံထုတ်ကုန်များကို ပြစ်ဒဏ်ချသည့် သွင်းကုန်ခွန်များပြဋ္ဌာန်းခြင်းဖြင့် အမေရိကန်အစိုးရက တုံ့ပြန်နိုင်သည်။ အလူမီနီယံကုန်သွယ်မှုသည် တရုတ်- အမေရိကန်နှစ်ဘက်စလုံးကို အပြန်အလှန် အကျိုးရှိစေကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Ref; AFP

Most Read

Most Recent