ထိုင်းတွင် ထင်ရှားသော ဆင်တစ်ကောင်က သခင်ဖြစ်သူအား အစွယ်ဖြင့် ထိုးသတ်

ထိုင်းတွင် ထင်ရှားသော ဆင်တစ်ကောင်က သခင်ဖြစ်သူအား အစွယ်ဖြင့် ထိုးသတ်
Published 29 November 2017

Photo: AFP

ထိုင်းတွင် ဇာတ်လမ်းများနှင့်စီးပွားရေး ကြော်ငြာများတွင် ပါဝင်ခဲ့မှုဖြင့် ထင်ရှားသော ဆင်တစ်ကောင်သည် သခင်ဖြစ်သူအား အစွယ်ဖြင့် ထိုးသတ်ခဲ့ကြောင်း တိရစ္ဆာန်ရုံတာဝန်ရှိသူများက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့ရာ  ထိုင်းတွင် တိရစ္ဆာန်များအား အမှီပြုသည့် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ အချေအတင် ဆွေးနွေးစရာများဖြစ်ပေါ်စေခဲ့သည်။

ဆင်ပိုင်ရှင် Somsak Riengngen က ကိုယ်အလေးချိန် ငါးတန်ရှိသော အီကာဆက်အား သံကြိုး ဖြုတ်ပေးခဲ့ပြီးနောက် နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ကျောကုန်းပေါ်တွင် ဆင်ထိန်းလိုက်ပါလာသော အီကာဆက်သည် ရှေ့သို့ အနည်းငယ်လျှောက်ခဲ့ပြီးနောက် လမ်းကြောင်း ပြောင်းကာ မြေပြင်ပေါ်ရှိနေသော အသက် ၅၄ နှစ်ရှိ သခင်ဖြစ်သူ Somsak အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆင်သည် ရုတ်တရက် နောက်ပြန်လှည့်ခဲ့ပြီး ၎င်း၏အစွယ်ဖြင့် Somsak အား ဆွဲယူခဲ့ပြီးနောက် အစွယ်ဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ချင်းမိုင်တိရစ္ဆာန်ရုံမှ ယာယီညွှန်ကြားရေးမှူး ဝူတီချိုင်းမူအန်မန်းက ပြောကြားခဲ့သည်။ Somsak အား ဆင်ကျွမ်းကျင်သူဟု ခိုင်းနှိုင်းခဲ့သော ဝူတီချိုင်းက အသက် ၃၂ နှစ်ရှိ ယင်းဆင်သည် တိုက်ခိုက်မှုဖြစ်ပွားချိန်၌ မွှန်ထူနေကြောင်း ပြောကြားခဲ့သည်။ ထိုင်းနှင့်ပြည်ပ ရုပ်ရှင်များအပြင် ရုပ်သံ ကြော်ငြာအများအပြားတွင် ပါဝင်ခဲ့ဖူးသည့် အီကာဆက်အား လာမည့် ဧပြီတွင် သက်တမ်းကုန်မည့် စာချုပ်အရ တိရစ္ဆာန်ရုံ၌ ယာယီထားရှိထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

 

Most Read

Most Recent