အရှေ့ဥရောပတွင် ဒေါ်လာဘီလျံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံသွားမည်ဟု တရုတ်ဝန်ကြီးချုပ် ကမ်းလှမ်း

အရှေ့ဥရောပတွင် ဒေါ်လာဘီလျံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံသွားမည်ဟု တရုတ်ဝန်ကြီးချုပ် ကမ်းလှမ်း
Published 29 November 2017

နိုဝင်ဘာ ၂၇ ရက်က ဘူဒါပတ်တွင် ဗဟိုနှင့် အရှေ့ဥရောပထိပ်သီး၌ မိန့်ခွန်းပြောနေသည့် တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်း (Photo: AFP)

ဥရောပသမဂ္ဂက စိုးရိမ်မှုများ ရှိနေသော်လည်း အရှေ့ဥရောပနှင့် အလယ်ဥရောပသို့ ဒေါ်လာဘီလျံနှင့်ချီ၍ ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းက နိုဝင်ဘာ ၂၇ တွင် ပြောကြားခဲ့သည်။

တရုတ်နှင့် အရှေ့ဥရောပကြား ဘဏ်အချင်းချင်း အပြန်အလှန် ချိတ်ဆက်ထားသည့် အဖွဲ့သစ်တစ်ခုကို တရုတ်က တည်ထောင်မည်ဖြစ်ပြီး ယင်းအတွက် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံကို တရုတ်၏ Development Bank က ကူညီမည်ဟု ဝန်ကြီးချုပ်လီက ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတစ်ရပ် ထူထောင်ထားပြီး ဒုတိယအဆင့်အနေဖြင့် ဒေါ်လာတစ်ဘီလျံကို အရှေ့ဥရောပ နှင့် အလယ်ဥရောပနိုင်ငံများသို့ ကူညီသွားမည်ဖြစ်ကြောင်း လီကဘူဒါပတ်တွင် ပြောကြားခဲ့သည်။

အလယ်ဥရောပနှင့် အရှေ့ဥရောပ နိုင်ငံများအဖွဲ့ (CEEC) ၏ ခြောက်ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတက်ရောက်ခဲ့သော လီက ယင်းနိုင်ငံများသည် တရုတ်ရင်းနှီးမြှုပ်နှံမှုကို အမြောက်အမြား ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဥရောပအရှေ့ခြမ်းနှင့် အလယ်ခြမ်းတွင် တရုတ်၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းကို အနောက်ဥရောပနှင့် ဥရောပသမဂ္ဂကြား စိုးရိမ်မှုများ ရှိနေခဲ့သည်။ ယင်းနိုင်ငံများအနက် အများစုသည် ဥရောပသမဂ္ဂအဖွဲ့ဝင်များ ဖြစ်ပြီး အချို့က ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ် လာရန် မျှော်လင့်နေကြသည့်နိုင်ငံများဖြစ်သည်။

တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများသည် ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် အခြေခံအဆောက်အအုံများ၌ အဓိကအာရုံ စိုက်ထားပြီး တရုတ်ကုန်စည်များ ဆောင်ကြဉ်းနိုင်ရေးအတွက် ယင်းစီမံကိန်းများက အထောက်အကူဖြစ်စေမည်ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင်ပင်း၏ 'ပတ်လမ်းတစ်ခု ရပ်ဝန်းတစ်ခု' ဦးဆောင်လှုံ့ဆော်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အရှေ့ဥရောပ အခြေခံ အဆောက်အအုံ စီမံကိန်းများအတွက် ဥရောပသမဂ္ဂအနေဖြင့် စိုးရိမ်ရန်မရှိကြောင်း လီက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပွင့်လင်းပြီး မြင်သာမှုရှိပါတယ်။ တရုတ် - ဥရောပသမဂ္ဂ ဆက်ဆံရေးဆိုတဲ့ ကျယ်ပြန့်တဲ့ အခြေအနေအောက်မှာ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်တာပါ။ ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းပြီး အပြည်ပြည်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကိုလည်း ထိန်းသိမ်းလိုက်နာပါတယ်”ဟု လီက ပြောကြားခဲ့သည်။

ဟန်ဂေရီ၏ လက်ယာစွန်းဝန်ကြီးချုပ် ဗစ်တာအိုဘန်က တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများသည် ဧရာမအခွင့်အလမ်းဖြစ်ပြီး ဥရောပတစ်ခုလုံးအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ အနေဖြင့် တံခါးများ ပိတ်မထားသင့်ကြောင်း ကမ္ဘာသည် ပြောင်းလဲနေပြီး ဥရောပသမဂ္ဂတစ်ခုတည်းက ထောက်ပံ့ရန်မဖြစ်နိုင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်များကို အကောင်အထည်ဖော်ရန် တရုတ်၌ ရင်းမြစ်များရှိကြောင်း အိုဘန်က ပြောကြားခဲ့သည်။

 

Most Read

Most Recent