ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဘင်္ဂါလီဆိုင်ရာ အထူးအစည်းအဝေးကို ဒီဇင်ဘာတွင် ကျင်းပဖွယ်ရှိ

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဘင်္ဂါလီဆိုင်ရာ အထူးအစည်းအဝေးကို ဒီဇင်ဘာတွင် ကျင်းပဖွယ်ရှိ
Published 28 November 2017

ပြီးခဲ့သော သြဂုတ်နောက်ပိုင်းမှစ၍ မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ လူ ၆၀၀၀၀၀ ကျော်အား ထွက်ပြေးစေခဲ့ရသည့် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအရေးနှင့် ပတ်သက်၍ အထူးအစည်းအဝေးတစ်ရပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ကျင်းပဖွယ်ရှိကြောင်း ကုလသမဂ္ဂ ထိပ်တန်းသတင်းရင်းမြစ်တစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။ ယင်းအစည်းအဝေးအား ဒီဇင်ဘာ ၅ ရက်တွင် ကျင်းပလိမ့်မည်ဟု ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ရိုလန်ဒိုဂိုမက်ဇ်က ယင်းကျင်းပမည့်နေ့အား အတည်မပြုခဲ့သော်လည်း မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ အထူးအစည်းအဝေး တစ်ရပ်ကျင်းပရန် လုပ်ဆောင်နေမှုများ ရှိကြောင်း ပြောကြားခဲ့သည်။ အထူးအစည်းအဝေးတစ်ရပ်ကျင်းပရန် ကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံအနက် ၁၆ နိုင်ငံထက်မနည်း၏ တောင်းဆိုမှုလိုအပ်ပြီး ယင်းသည် အလွန်အမင်း ရှားပါးကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မွတ်စလင်အများစု နေထိုင်သော နိုင်ငံများက ယင်းအထူးအစည်းအဝေးခေါ်ယူရန် ထောက်ခံကြဖွယ်ရှိသည်။

ယင်းကောင်စီသည် မြန်မာအရေးနှင့် ပတ်သက်၍ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြီးခဲ့သောမတ်က ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သောလတွင် ဘင်္ဂလားဒေ့ရှ်သို့ ပထမဆုံးမစ်ရှင် သွားရောက်ခဲ့စဉ်အတွင်း ဘင်္ဂါလီဒုက္ခသည်များက သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းကျင့်မှုနှင့် မီးရှို့မှုများ ဖြစ်ပွားခဲ့ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက အစီရင်ခံခဲ့ကြသည်။

ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်ရှိ လုံခြုံရေးစခန်းအများအပြားအား တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့မှုကို မြန်မာတပ်မတော်က တန်ပြန်ရှင်းလင်းသည့် စစ်ဆင်ရေးဆောင်ရွက်ခဲ့သော သြဂုတ်နှောင်းပိုင်းမှစ၍ ဘင်္ဂါလီ မွတ်စလင်များသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တောင်ဘက်စွန်းသို့ အလုံးအရင်းဖြင့် စတင်ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

လူသတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အတင်းအကျပ် နေရပ်စွန့်ခွာစေမှုတို့ကို လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲချက်များအား မြန်မာ့တပ်မတော်က ငြင်းဆိုခဲ့သည်။

Most Read

Most Recent