နီပေါ၌ သမိုင်းဝင်ရွေးကောက်ပွဲများ ကျင်းပ

နီပေါ၌ သမိုင်းဝင်ရွေးကောက်ပွဲများ ကျင်းပ
Published 27 November 2017

နိုဝင်ဘာ ၂၆ ရက်က နီပေါရွေးကောက်ပွဲနေ့တွင် ချူတာရာမြို့ထဲရှိ မဲရုံတစ်ရုံ၌ မဲထည့်နေသူ အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်

ဆင်းရဲနွမ်းပါးသည် ဟိမဝန္တာဒေသ နိုင်ငံ နီပေါ၏ အလှည့်အပြောင်းဟု ယူဆထားကြသော သမိုင်းဝင်ရွေးကောက်ပွဲကို  နိုဝင်ဘာ ၂၆ ရက်က နိုင်ငံမြောက်ပိုင်းရှိ နေရာအနှံ့အပြားတွင် ကျင်းပခဲ့သည်။ ယခု ရွေးကောက်ပွဲသည် သွေးချောင်းစီး ပြည်တွင်း စစ်ပြီးဆုံးခဲ့သည့် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကတည်းက နိုင်ငံကို နှိပ်စက်နေခဲ့သည့် မတည်ငြိမ်မှုများကို အဆုံးသတ် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

နှစ်ပိုင်းခွဲ၍ ကျင်းပကြမည်ဖြစ်သော အမျိုးသားနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများသည် စစ်ပြီးနောက်ပိုင်း နီပေါ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အောက်၌ ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲများလည်းဖြစ်သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ နီပေါနိုင်ငံကို ဘုရင်စနစ်မှ ဒီမိုကရေစီစနစ်သို့သွားသည့် လမ်းကြောင်းပေါ်သို့ရောက်စေပြီး ၁၀ နှစ်ကျော်ကြာ မော်သူပုန်တို့၏ ပုန်ကန်မှုများကို ၂၀၀၆ ခုနှစ်တွင် အဆုံးသတ်စေခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်မှ ပေါက်ဖွားလာခြင်းဖြစ်သည်။

မြို့တော် ခတ္တမန္တူ၏အရှေ့ပိုင်းရှိ ချူတာရာမြို့တွင် နံနက်အစောပိုင်းကတည်းက  မဲဆန္ဒရှင်အများအပြားသည် တောင်များဘက်မှ တိုက်ခိုက်လာသည့် လေအေးများကို ကြံ့ကြံ့ခံရင်း မဲပေးရန် တန်းစီနေကြခြင်းဖြစ်သည်။ “မဲပေးဖို့၊ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့အတွက် ကျွန်တော်တို့အရမ်း စိတ်လှုပ်ရှားနေကြပါတယ်။ ဒီရွေးကောက်ပွဲအပြီးမှာ တည်ငြိမ်တဲ့ အစိုးရတစ်ခုပေါ်ပေါက်လာဖို့လည်း မျှော်လင့်ပါတယ်” ဟု မဲဆန္ဒရှင်တစ်ဦးက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်က ငလျင်ကြီးကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရသည့် ဒေသများအပါအဝင် နိုင်ငံမြောက်ပိုင်းထဲမှ လူပေါင်း ၃ ဒသမ ၂ သန်းသည် နိုဝင်ဘာ၂၆ ရက် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိကြသည်။ ရွေးကောက်ပွဲ ဒုတိယအပိုင်းကိုမူ နောက်ထပ် ၁၀ ရက်အကြာတွင် လူနေထူထပ်သည့် နိုင်ငံတောင်ပိုင်း၌ ကျင်းပကြမည်ဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်များမှာမူ ဒီဇင်ဘာ ၇ ရက် ရွေးကောက်ပွဲအပြီး ရက်အနည်းငယ်အကြာတွင် သိရမည်ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ အိန္ဒိယနှင့် တရုတ် နယ်စပ်များကို ပိတ်ထားခဲ့ပြီး မဲရုံများကို စောင့်ရန် ထောင်နှင့်ချီသော လုံခြုံရေးအစောင့်များကို ချထားခဲ့သည်။

၂၀၀၆ ခုနှစ်က ပြည်တွင်းစစ် အဆုံးသတ်ပြီးနောက်ပိုင်း သူပုန်ဟောင်းများက ဖွဲ့စည်းထားသည် မော်ပါတီသည် ကွန်မြူနစ်ပါတီ  CNP-UML  နှင့် မဟာမိတ်ဖွဲ့လိုက်ရာ ယှဉ်ပြိုင်ရန် ခက်ခဲသည့် နိုင်ငံရေးအင်အားကြီး အုပ်စုကြီးဖြစ်လာခဲ့သည်။ ထို့ကြောင့် အာဏာရ ဗဟိုနီပေါကွန်ဂရက်ပါတီသည် အာဏာ ဆက်လက်တည်မြဲစေရေးအတွက် သေးငယ်သော ပါတီများနှင့် အချိတ်အဆက်ရရှိရန် ရုန်းကန်ရလျက်ရှိသည်။ ထိုနိုင်ငံရေး အင်အားစုနှစ်ခုစလုံးက လူဦးရေ ၂၉ သန်း နေထိုင်သည့် ကုန်းတွင်းပိတ်နိုင်ငံ နီပေါတွင် မဖြစ်မနေ လိုအပ်သည့်  စီးပွားရေးဖွံ့ဖြိုးမှုများ ဖြစ်ပေါ်လာစေရန် ကတိပြုထားကြသည်။

အမျိုးသားလွှတ်တော်အသစ်ထဲမှ အမတ်နေရာ ၂၇၅ နေရာကို အမျိုးသမီးများ၊ တိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ ဇာတ်အနိမ့်ဆုံး ဒါလစ်များသို့ ခွဲဝေပေးမည်ဖြစ်သည်။ ထိုသို့ခွဲဝေရာတွင် မညီမျှမှုများ ရှိလာပါက နိုင်ငံတွင်း၌ ပုန်ကန်မှုများ ဆက်လက် တည်ရှိစေရန် တွန်းအားဖြစ်စေလိမ့်မည်ဟု နိုင်ငံရေး လေ့လာသူတို့က သုံးသပ်နေကြသည်။

နီပေါနိုင်ငံသည် ပြီးခဲ့သည့် ၁၁ နှစ်အတွင်းက ခေါင်းဆောင် ၁၀ ဦး၏ အုပ်ချုပ်ခြင်း ခံခဲ့ရပြီး ခြစားမှုများ ထူပြောလျက်ရှိသည်။

Most Read

Most Recent