ဖိလစ်ပိုင်ပင်လယ်ထဲသို့ အမေရိကန်ရေတပ် လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် ရှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့

ဖိလစ်ပိုင်ပင်လယ်ထဲသို့ အမေရိကန်ရေတပ် လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် ရှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့
Published 24 November 2017

သြဂုတ် ၂၂ ရက်က အမေရိကန်လေယာဉ်တင် သင်္ဘောတစ်စင်းပေါ်သို့ ဆင်းသက်ရန် ပြင်ဆင်နေသည့် အမေရိကန် ရေတပ်လေယာဉ် C- 2A Greyhound (Photo - AFP)

အမေရိကန် ရေတပ်လေယာဉ်တစ်စင်းသည် ဖိလစ်ပိုင်ပင်လယ်တွင်းသို့ ပျက်ကျခဲ့ပြီးနောက် လေယာဉ်ပေါ်လိုက်လာသူ ၁၁ ဦးအနက် ရှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသည့် သုံးဦးအား အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်းနှင့်အတူ စစ်သင်္ဘောရှစ်စင်းက ဆက်လက်ရှာဖွေနေကြသည်။

လေယာဉ်တင် သင်္ဘောကြီးတစ်စင်းထံသို့ ဦးတည်နေစဉ် C- 2A Greyhound လေယာဉ်သည် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲက အိုကီနာဝါကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် ၅၀၀ အကွာတွင် ပျက်ကျသွားခဲ့ကြောင်း အမေရိကန်ရေတပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုလေယာဉ်သည် ဖိလစ်ပိုင် ပင်လယ်ထဲ၌ ရှိနေသော USS Ronald Reagan ထံ ဦးတည်ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ဂျပန်၏ ဝေးလံခေါင်သီသော အိုကီနိုတို ရီကျောက်တန်း၏ ကမ်းလွန်ပင်လယ်ပြင်တွင် ပျက်ကျသွားသော လေယာဉ်အား ဂျပန်နှင့် အမေရိကန် ကယ်ဆယ်ရေးသမားများက အသည်းအသန် ရှာဖွေနေကြသည်။

ယင်းဖြစ်စဉ်သည် အရှေ့အာရှတွင် ဖြစ်ပွားခဲ့သော အမေရိကန်စစ်တပ်၏ နောက်ဆုံး မတော်တဆမှု ဖြစ်လာခဲ့သည်။

သြဂုတ်လက စင်ကာပူကမ်းလွန်တွင် အမေရိကန်ဖျက်သင်္ဘော USS John S. Mc Cain နှင့် ရေနံတင်သင်္ဘောတစ်စင်းတို့ တိုက်မိခဲ့ပြီး ရေတပ်သင်္ဘောသား ၁၀ ဦး သေဆုံးခဲ့သည်။ ဇွန်လကလည်း ဖျက်သင်္ဘော USS Fitzgerald သည် ဂျပန်ကမ်းလွန်တွင် ကုန်တင်သင်္ဘောတစ်စင်းနှင့် တိုက်မိခဲ့ပြီး သင်္ဘောသားခုနစ်ဦး သေဆုံးခဲ့သည်။

ယခု ပျက်ကျသည့်လေယာဉ်သည် ပုံမှန်သယ်ယူပို့ဆောင်ရေး ခရီးစဉ်ကို ပျံသန်းနေခဲ့ခြင်းဖြစ်ပြီး ဂျပန်တောင်ပိုင်း အီဝါကူနီ မရိန်းလေတပ်စခန်းမှ ခရီးသည်များနှင့် ကုန်များကို USS Ronald Reagan ထံသို့ သယ်ပို့ပေးစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ရေတပ်အာဏာပိုင်များ၏ ကနဦးထုတ်ပြန်ချက်အရ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းသည် အင်ဂျင်ပြဿနာ ဖြစ်နိုင်သည်ဟု သိရသည်။

ကယ်ဆယ်နိုင်ခဲ့သူ ရှစ်ဦး၏အခြေအနေများကို အမေရိကန်လေယာဉ်တင်သင်္ဘော USS Ronald Reagan မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက စောင့်ရှောက်နေသည်ဟု သိရသည်။ လေယာဉ်တင်သင်္ဘော USS Ronald Reagan ထံတွင် အမျိုးအစားအမျိုးမျိုးရှိသည့် လေယာဉ်နှင့် ရဟတ်ယာဉ် ၆၀ ကျော်ရှိပြီး ယခုပျက်ကျ လေယာဉ်သည်လေယာဉ် တင်သင်္ဘောများအတွက် အရေးကြီးသော ထောက်ပံ့ပို့ဆောင်ရေးတွင် အရေးပါသည့် လေယာဉ်အမျိုးအစား ဖြစ်သည်။

Ref; AFP

 

Most Read

Most Recent