မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအား ရဲတပ်ဖွဲ့က ပြန်လည်ဦးဆောင်မည်ဟု ဒူတာတေး ပြောကြား

မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအား ရဲတပ်ဖွဲ့က ပြန်လည်ဦးဆောင်မည်ဟု ဒူတာတေး ပြောကြား
Published 24 November 2017

အောက်တိုဘာ ၂၅ ရက်က မနီလာဆိပ်ကမ်းတွင် ရုရှားလက်နက်များ လက်ခံရရှိမှု အခမ်းအနား၌ ကလက်ရှ်နီကော့ရိုင်ဖယ်များအား စစ်ဆေးနေသည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေး (ဝဲ) (Photo - AFP)

မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲတွင် ဆောင်ရွက်မှုများအတွက် တာဝန်မှနှစ်ကြိမ် လျှော့ချခံထားရသည့် ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကို တစ်ဖန်ဦးဆောင်ခွင့်ပေးမည်ဟု သမ္မတရိုဒရီ ဂိုဒူတာတေးက နိုဝင်ဘာ ၂၂ ရက်ညတွင် ပြောကြားခဲ့သည်။

၎င်း၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲနှင့်အတူ အခြေခံအကျဆုံး လူသားအခွင့်အရေးများအား ချိုးဖောက်သည့် ရာဇဝတ်မှု ကျူးလွန်ဖွယ်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များ၏ စွပ်စွဲခံထားရသော ဒူတာတေးက အင်အား ၂၀၀၀ ခန့်သာရှိသော ဖိလစ်ပိုင်မူးယစ်ဆေး တိုက်ဖျက်ရေးအေဂျင်စီ (PDEA) သည် မူးယစ်ဆေးဝါးနှိမ်နင်းရေးကို စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ “ဒါကြောင့် ကျုပ်ကြိုက်၊ မကြိုက်ကြိုက်။ ရဲတပ်ဖွဲ့ကို ဒီကိစ္စအတွက် ဦးဆောင်ခွင့်ပြန်ပေးရမယ်” ဟု ဒူတာတေးက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ရဲများသည် တောင်ကိုရီးယား လုပ်ငန်းရှင်တစ်ဦးအား ပြန်ပေးဆွဲခဲ့ပြီး သတ်ဖြတ်ခဲ့ကြောင်း ထုတ်ဖော်ခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့အတွင်းပိုင်းအထိ ခြစားမှုများ လှိုက်စားနေသည်ဟုဆိုကာ ဒူတာတေးသည် ပြီးခဲ့သော ဇန်နဝါရီတွင် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲအား ဦးဆောင်မှုကို ရဲတပ်ဖွဲ့အစား PDEA ထံ လွဲှပေးခဲ့သည်။

သို့သော် ဒူတာတေးသည် ရဲတပ်ဖွဲ့အား မည်သည့် အဓိကပြုပြင်ပြောင်းလဲမှုမျှ မလုပ်ဆောင်ခဲ့ဘဲ Double Barredl Reloaded ဟု အမည်ပြောင်ပေးထားသည့် မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို ဦးဆောင်ရန် အင်အား ၁၆၅၀၀၀ ရှိသော ရဲတပ်ဖွဲ့ကို တာဝန်ပြန်လည်ပေးခဲ့သည်။ ရဲတပ်ဖွဲ့လက်ချက်ဟု စွပ်စွဲခံခဲ့ရသော ဆယ်ကျော်သက်သုံးဦး အသတ်ခံခဲ့ရမှုကြောင့် ရှားရှားပါးပါး လမ်းပေါ်ထွက် ဆန္ဒပြမှုများအပါအဝင် ပြည်သူများ၏ ဆန့်ကျင်မှုများ မြင့်တက်လာစဉ် ပြီးခဲ့သော အောက်တိုဘာ၌ ဒူတာတေးက မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် PDEA ထံ တစ်ဖန်တာဝန်လွဲှခဲ့သည်။

ယခုလအတွင်း မနီလာ၌ ကျင်းပခဲ့သော ဒေသဆိုင်ရာ ထိပ်သီးတစ်ခုတွင် အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် အခြားကမ္ဘာ့ခေါင်းဆောင်များက ဖိလစ်ပိုင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲအတွင်း တရားလက်လွတ် သတ်ဖြတ်မှုများရှိနေကြောင်း စွပ်စွဲချက်များကို နှုတ်ဆိတ်နေခဲ့ပြီးနောက် ဒူတာတေးက ရဲတပ်ဖွဲ့ကို ဦးဆောင်ခွင့်ပြန်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထရန့်က ဒူတာတေးနှင့် ကောင်းမွန်သောဆက်ဆံရေးအား ဂုဏ်ပြုခဲ့ပြီး ထိပ်သီးကို အဆင်ပြေစွာ လက်ခံကျင်းပနိုင်ခဲ့မှုအတွက် ချီးကျူးခဲ့ရာ ဒူတာတေးက ၎င်း၏ အငြင်းပွားဖွယ် မူးယစ်ဆေးဝါးနှိမ်နင်း ရေးစစ်ပွဲကို ဆက်လက်လုပ်ဆောင်နိုင်ရန် အားကောင်းစေခဲ့သည်။

ယခုတစ်ကြိမ်တွင် အစိုးရ၏ ပြုပြင်ပြောင်းလဲမည့် အစီအစဉ်အား မေးမြန်းခဲ့ရာ ဒူတာတေး၏ ပြောခွင့်ရပုဂ္ဂိုလ် ဟာရီရော့က (ဒူတာတေး) က ယေဘုယျအားဖြင့် ရဲတပ်ဖွဲ့ရှိ အဖွဲ့ဝင်အားလုံးသည် အကျင့်ပျက်ခြစားနေခြင်း မဟုတ်သဖြင့် ယင်းအဖွဲ့အား ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသာ ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲအတွင်း ရဲတပ်ဖွဲ့လက်ချက်ဖြင့် လူ ၃၉၆၇ ဦး သေဆုံးခဲ့ရပြီး မူးယစ်ဆေးနှင့်ဆက်နွှယ်သော ရာဇဝတ်မှုများတွင် လူ ၂၂၉၀ အသတ်ခံခဲ့ရသည်။ နောက်ထပ် လူထောင်နှင့်ချီသည် မဖြေရှင်းနိုင်သေးသော အကြောင်းအရာများကြောင့် သေဆုံးခဲ့ရသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။                                        Ref; AFP

Most Read

Most Recent