အကြမ်းဖက်ကွန်ရက်များအတွက် ဘဏ္ဍာရေးလမ်းကြောင်း ဖြတ်တောက်ရန် သြစတြေးလျနှင့် အရှေ့တောင်အာရှနိုင်ငံများ ပူးပေါင်း

အကြမ်းဖက်ကွန်ရက်များအတွက် ဘဏ္ဍာရေးလမ်းကြောင်း ဖြတ်တောက်ရန် သြစတြေးလျနှင့် အရှေ့တောင်အာရှနိုင်ငံများ ပူးပေါင်း
Published 23 November 2017

နိုဝင်ဘာ ၂၂ ရက်က ကွာလာလမ်ပူတွင် တတိယအကြိမ် အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးထိပ်သီးခန်းမအပြင်၌ မလေးရှားရဲတစ်ဦး စောင့်ကြပ်နေစဉ် (Photo - AFP)

အရှေ့တောင်အာရှတွင် အစ္စလာမ္မစ် ဂျီဟတ်အုပ်စု IS က ခြေကုပ်ရလာမည်ကို စိုးရိမ်နေကြချိန်တွင် အကြမ်းဖက်ကွန်ရက်များအတွက် ဘဏ္ဍာရေးလမ်းကြောင်း ဖြတ်တောက်ရန် သြစတြေးလျနှင့် အရှေ့တောင်အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သြစတြေးလျတရားရေးဝန်ကြီးက နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

IS လိုလားသော စစ်သွေးကြွများသည် မေလက ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့ကို စီးနင်းခဲ့ပြီး ယင်းလုပ်ရပ်သည် ဒေသတွင်း၌ အခြေစိုက်စခန်းတည်ထောင်ရန် IS တို့၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများနှင့် လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

ဘဏ္ဍာရေး သတင်းအချက်အလက်များ မျှဝေမှုကို အရှိန်မြှင့်ဆောင်ရွက်ပြီး အကြမ်းဖက်အဖွဲ့များ၏ ငွေကြေးစီးဆင်းမှုအား တားဆီးသွားရန် ရည်ရွယ်ထားကြောင်း သြစတြေးလျ တရားရေးဝန်ကြီး မိုက်ကယ်ကီနန်က ကွာလာလမ်ပူတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ကွန်ဖရင့်၌ ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ လုံခြုံရေးနှင့် တည်ငြိမ်ရေးသည် သြစတြေးလျအတွက် အရေးကြီးကြောင်း ကီနန်က ပြောကြားခဲ့သည်။ ဘာလီတွင် ၂၀၀၂ ခုနှစ်က အရှေ့တောင်အာရှတွင် အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ထိုစဉ်က သြစတြေးလျ အများအပြား သေဆုံးခဲ့သည်။

သြစတြေးလျ ဘဏ္ဍာရေးစုံစမ်းထောက်လှမ်းမှု အေဂျင်စီ AUSTRAC နှင့် ဖိလစ်ပိုင်၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကောင်စီတို့က ပူးပေါင်းဆောင်ရွက်မှုကို ဦးဆောင်ပြီး အရှေ့တောင်အာရှ အကြမ်းဖက်မှု တန်ပြန်ရေး ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ South East Asia Counter Terrorism Financing Working Group အား တည်ထောင်မည် ဖြစ်သည်။

Ref ; AFP

Most Read

Most Recent