IS အဖွဲ့အား အောင်ပွဲရပြီဟု အီရန်သမ္မတကြေညာ

IS အဖွဲ့အား အောင်ပွဲရပြီဟု အီရန်သမ္မတကြေညာ
Published 23 November 2017

နိုဝင်ဘာ ၂၁ ရက်က အဘူကာမယ်မြို့တွင် အောင်ပွဲခံနေကြသော ဆီးရီးယားအစိုးရလိုလားသည့် တပ်ဖွဲ့ဝင်များ (Photo - AFP)

IS ဂျီဟတ်များသည် ၎င်းတို့ ထိန်းချုပ်ခဲ့သော နယ်မြေအများစုအား လက်လွှတ်ခဲ့ရပြီး ကျန်ရှိသည့် အနည်းငယ်မျှသော နယ်မြေများအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြစဉ် အီရတ်နှင့် ဆီးရီးယားတို့ရှိ IS အဖွဲ့အား အောင်ပွဲရပြီဟု အီရန်သမ္မတ ဟက်ဆန်ရို ဟာနီက နိုဝင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့သည်။

အီရန်သည် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆက်အား ထောက်ခံသည့် အဓိကနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး အီရတ်နှင့် ဆီးရီးယားတို့တွင် IS အား တိုက်ခိုက်ရန် စစ်ဘက်အကြံပေးများနှင့် ထောင်ပေါင်းများစွာသော စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်များအား စေလွှတ်ခဲ့သည်။

မကောင်းမှုများ၊ ဖျက်ဆီးမှုများ၊ လူသတ်မှုနှင့် ရိုင်းစိုင်းယုတ်မာမှုမှလွဲ၍ အခြားမည်သည့်အရာမျှ မဆောင်ကြဉ်းခဲ့သော ယင်းဂျီဟတ်အဖွဲ့အား အဆုံးသတ်နိုင်ခဲ့မှုအတွက် အစ္စလာမ်၏ တိုက်ခိုက်ရေးသမားအားလုံး၊ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီ၊ အီရတ်နှင့် ဆီးရီးယားတို့ရှိ စစ်တပ်များကို ကျေးဇူးတင်ကြောင်း ရိုဟာနီက ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ယင်းကြီးမြတ်သော အောင်ပွဲအတွက် အီရန်၏ တော်လှန်ရေးအစောင့်တပ်နှင့် ၎င်း၏ ပြည်ပလက်နက်ကိုင်တပ် Quds Force ကိုလည်း ဂုဏ်ပြုလိုကြောင်း၊ သို့သော် ယင်းတာဝန်သည် ဆီးရီးယား၊ အီရတ်နှင့် လက်ဘနွန်မှပြည်သူများနှင့် စစ်တပ်များ၏ ကြိုးပမ်းမှုကြောင့်သာ ပြီးမြောက်ခဲ့ခြင်းဖြစ်ကြောင်း ရိုဟာနီက အခိုင်အမာ ပြောကြားခဲ့သည်။

၎င်းတို့၏ ဘာသာရေးနှင့် အစ္စလာမ္မစ်ရေးရာ ဝတ္တရားများနှင့်အညီ အကူအညီပေးခဲ့ခြင်းဖြစ်ကြောင်း ရိုဟာနီက ဆိုသည်။

ပြီးခဲ့သော သီတင်းပတ်ကုန်တွင် ဂျီဟတ်များ၏ နောက်ဆုံးမြို့ပြခြေကုပ်ဖြစ်သော ဆီးရီးယားနယ်စပ်ရှိ အဘူကာမယ်မြို့အား ပြန်လည်သိမ်းယူနိုင်ခဲ့သည့် စစ်ဆင်ရေးအား ညွှန်ကြားခဲ့သော Quds Force မှ တပ်မှူး ကာဆင်ဆိုလေမာနီ၏ မှတ်တမ်းဗီဒီယိုအပိုင်းကို အီရန်မီဒီယာများက နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ထုတ်လွှင့်ခဲ့ကြသည်။

IS အဖွဲ့အား အရေးပါသော အောင်ပွဲရရှိမှုအတွက် ဘာသာရေးခေါင်းဆောင် ခါမေနီအား ဆိုလေမာနီက  ဂုဏ်ပြုခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဆီးရီးယားတွင် ဂျီဟတ်များအား တိုက်ခိုက်မှု၌ တီဟီရန် ကျောထောက်နောက်ခံပြုအဖွဲ့များ လွှမ်းမိုးနေသော အီရတ်ရှိ ဟာရှစ်အယ်ရှာဘီပြည် သူ့စစ်ညွှန့်ပေါင်းနှင့် အီရန်မဟာမိတ်ဟစ်ဇ် ဘိုလာအဖွဲ့တို့၏  အခန်းကဏ္ဍကိုလည်း ဆိုလေမာနီက ချီးကျူးခဲ့သည်။

IS ဂျီဟတ်များသည် ၂၀၁၄ ခုနှစ်တွင် လျှပ်တပြက်ထိုးစစ်များ ဆင်နွှဲခဲ့ပြီး သိမ်းယူခဲ့သော နယ်မြေအများအပြားအား ပြန်လည်ဆုံးရှုံးခဲ့ရပြီးနောက် အီရတ်နှင့် ဆီးရီးယားရှိ အနည်းငယ်မျှသာ ကျန်ရှိသော နယ်မြေများအား ချုပ်ကိုင်နိုင်ရန် ရုန်းကန်နေရကြောင်း သိရသည်။                          Ref ; AFP

Most Read

Most Recent