<

ပူတင်က ဆီးရီးယားငြိမ်းချမ်းရေးအတွက် အာဒိုဂန်၊ ရိုဟာနီတို့နှင့် တွေ့ဆုံဆွေးနွေးမည်

နိုဝင်ဘာ ၂၀ ရက်က ဆိုချီမြို့တွင် ဆီးရီးယားသမ္မတ အာဆတ်အား ပွေ့ဖက်နှုတ်ဆက်နေသည့် ရုရှားသမ္မတ ပူတင် (Photo – AFP)

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဆီးရီးယားငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြန်လည် စတင်ရန် နိုဝင်ဘာ ၂၂ ရက်တွင် တူရကီ၊ အီရန်သမ္မတတို့နှင့် အဓိကထိပ်သီး အစည်းအဝေးတစ်ခုပြုလုပ်မည် ဖြစ်သည်။ ပူတင်သည် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်နှင့် ရုတ်တရက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး တစ်ရက်အကြာ၌ ယခုထိပ်သီး ဆွေးနွေးပွဲကျင်းပခြင်းလည်း ဖြစ်သည်။

လူအသက်ပေါင်း ၃၃၀၀၀၀ ကျော်ကို ဆုံးရှုံးစေခဲ့ပြီး သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်ပွဲကို အဆုံးသတ်ရန် တူရကီ၊ ရုရှား၊ အီရန်တို့၏ပူးပေါင်းမှုများ အရှိန်မြင့်တက်လာစဉ်ပူတင်သည် တူရကီသမ္မတရီဆပ်တေရစ်အာဒိုဂန်၊ အီရန်သမ္မတ ဟက်ဆန်ရိုဟာနီတို့နှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၁ ရက်ကမူ ပူတင်သည် ဆီးရီးယားအရေးနှင့် ပတ်သက်ပြီး အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့်လည်း ဖုန်းဖြင့်ဆွေးနွေးမှုလုပ်ခဲ့ပြီး နှစ်ဦးစလုံးကငြိမ်းချမ်းရေး ရရှိရန်အတွက် တိုးတက်မှုလိုအပ်သည်ကို သဘောတူခဲ့ကြသည်။ ပူတင်သည် ထရန့်ထံသို့ဖုန်းမခေါ်မီ ပင်လယ်နက်အပန်း ဖြေစခန်းဆိုချီတွင် အာဆတ်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သေးသည်။ ထိုဆွေးနွေးပွဲအတွင်း အာဆတ်က နိုင်ငံရေးလုပ်ငန်းစဉ်များ၊ သမ္မတနှင့်ပါလီမန်ရွေးကောက်ပွဲများ ကျင်းပရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတို့ကို လုပ်ဆောင်ပေးရန် ၎င်း၏ ကတိပြုထားမှုအတွက် အတည်ပြုပေးခဲ့သည်ဟု သိရသည်။

ပူတင်၏ သံတမန်ရေး ဆက်တိုက်ကြိုးပမ်းမှုများတွင် ဆော်ဒီအာရေဗျဘုရင် ဆယ်မန်၊ အီဂျစ်နှင့် အစ္စရေးခေါင်းဆောင်များနှင့် ဖုန်းပြောဆိုမှုများလည်း ပါဝင်ခဲ့သေးကြောင်း သိရသည်။ ထရန်နှင့် ဖုန်းပြောဆိုမှုအတွင်း၌မူ ပူတင်က အာဆတ်နှင့် ၎င်း၏ တွေ့ဆုံမှုအတွင်းမှ အဓိကရလဒ်များကို အသိပေးခဲ့ပြီး ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ဆက်လက်ထိန်းသိမ်းရန်လို အပ်သည်ဟု အလေးပေးပြောကြားခဲ့သည်။ သို့သော် အာဆတ်၏ အနာဂတ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။

ဆီးရီးယားသမ္မတ၏ ကံကြမ္မာသည် အကြီးမားဆုံး အတားအဆီးတစ်ခုဖြစ်နေပြီး ခြောက်နှစ်ကြာ ဆီးရီးယားစစ်အဆုံးသတ်ရေးအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများကြားတွင် ငြိမ်းချမ်းရေးသဘောတူညီချက် မရရှိရန် ကန့်လန့်ခံလျက်ရှိနေသည်။၂၀၁၅ ခုနှစ်က ဆီးရီးယားစစ်ပွဲထဲသို့ စစ်ရေးဖြင့်ကြားဝင်ရန် ရုရှား၏ ဆုံးဖြတ်ချက်သည် အာဆတ်အစိုးရကို ကယ်တင်ရန်အတွက် ဖြစ်ဖွယ်ရှိသော်လည်း ငြိမ်းချမ်းရေး ရရှိရေးအတွက်မူပို၍ ရှုပ်ထွေးသွားစေသည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၁ ရက်က ရုရှားသို့ လာခဲ့သည့် ချက်သမ္မတအား ပူတင်က အာဆတ်တပ်ဖွဲ့များသည် ဆီးရီးယားနယ်မြေ ၉၈ ရာခိုင်နှုန်းအား ထိန်းချုပ်နိုင်နေပြီဟု ပြောခဲ့ကြောင်း သိရသည်။ ချက်သမ္မတဇီမန်က လည်း ပူတင်ကို ‘ခင်ဗျား ဆီးရီးယားမှာ အနိုင်ရသွားပါပြီ’ ဟု ပြန်ပြောခဲ့သည်။  Ref ; AFP

November 22, 2017














Copy Protected by Chetan's WP-Copyprotect.