အာဏာရှင်သမ္မတမူဂါဘီ နုတ်ထွက်သွားခဲ့ပြီး ဇင်ဘာဘွေကို ၃၇ နှစ်ကြာအုပ်စိုးမှုအား အဆုံးသတ်ခဲ့

အာဏာရှင်သမ္မတမူဂါဘီ နုတ်ထွက်သွားခဲ့ပြီး ဇင်ဘာဘွေကို ၃၇ နှစ်ကြာအုပ်စိုးမှုအား အဆုံးသတ်ခဲ့
Published 22 November 2017

 

၂၀၀၀ ပြည့်နှစ် ဧပြီ ၈ ရက်က ရိုက်ကူးထားသောဓာတ်ပုံတွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသော မူဂါဘီအား တွေ့ရစဉ် (Photo: AFP)

ဇင်ဘာဘွေကို ၃၇ နှစ်ကြာအုပ်စိုးခဲ့သော အာဏာရှင်သမ္မတရောဘတ်မူဂါဘီသည် ရာထူးမှ နုတ်ထွက်သွာပြီဖြစ်ကြောင်း ဇင်ဘာဘွေပါလီမန်ဥက္ကဋ္ဌ ဂျက်ကော့မူဘင်ဒါက နို ဝင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့သည်။

မူဂါဘီက ရာထူးမှ နုတ်ထွက်ကြောင်း ရေးသားထားသည့်စာကို မူဘင်ဒါက ပါလီမန်တွင် ဖတ်ပြခဲ့သည်။

ဇင်ဘာဘွေပါလီမန်က သမ္မတ ရောဘတ်မူဂါဘီအား စွပ်စွဲပြစ်တင်မှုကို နိုဝင်ဘာ ၂၁ ရက်တွင် စတင်ဆွေးနွေးချိန်တွင် မူဂါဘီ က နုတ်ထွက်ကြောင်း ကြေညာချက်ကို ပေး ပို့ခဲ့ခြင်းဖြစ်သည်။

မူဂါဘီက ဇင်ဘာဘွေသမ္မတအဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာချက် ထွက်ပေါ်ခဲ့ ပြီးနောက် မြို့တော်၏ လမ်းများပေါ်တွင် ပြည်သူများက ဇင်ဘာဘွေ၏ သမိုင်းဝင်ဖြစ်ရပ်ကို ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြသည်။

ဇင်ဘာဘွေစစ်တပ်က မြို့တော်ဟာ ရာရီကို ထိန်းချုပ်ခဲ့ပြီးနောက် ခြောက်ရက်အကြာတွင် ပါလီမန်က မူဂါဘီကို စွပ်စွဲပြစ်တင်မှု ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အာဏာကို ထိန်းချုပ်ခဲ့ပြီး ကန့်ကွက်ဆန္ဒပြမှုများ ရက်နှင့်ချီ ဖြစ်ပွားခဲ့သော်လည်း မူဂါဘီက ရာထူးမှ နုတ်ထွက်ရန် ငြင်းဆိုနေခဲ့သည်။

မူဂါဘီက နုတ်ထွက်ရန် ငြင်းဆိုမှုကြောင့် ပါလီမန်က စွပ်စွဲပြစ်တင်မှုအဆိုကို စတင် ကြားနာခဲ့ခြင်းဖြစ်သည်။

ဖြုတ်ချခံဒုသမ္မတ အမ်မာဆင်အန်နန် ဂါဂွါက မူဂါဘီကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ပါလီမန်တွင် သမိုင်းဝင်ဆွေးနွေးမှုကို စတင်ခဲ့သည်။ ပါလီမန် ဥက္ကဋ္ဌဂျက်ကော့မူဘင်ဒါက အောက် လွှတ် တော်နှင့် အထက်လွှတ်တော်ပူးတွဲ အစည်းအ ဝေးကို ဦးစီးခဲ့ပြီး မူဂါဘီအား စွပ် စွဲပြစ်တင်မှု ကို စတင်ဆွေးနွေးခဲ့သည်။

မူဂါဘီနုတ်ထွက်မှုက ဇင်ဘာဘွေတွင် ခေတ်တစ်ခေတ် အဆုံးသတ်ခဲ့ခြင်းလည်း ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း မူဂါဘီသည် နိုင်ငံကို တင်းကျပ်စွာဖြင့် ဆယ်စုနှစ်လေးစုနီးပါး အုပ်ချုပ်ခဲ့သည်။

ဇင်ဘာဘွေစစ်တပ်က မြို့တော်ကို ထိန်းချုပ်ခဲ့ပြီး မူဂါဘီအား နေအိမ်အကျယ်ချုပ်ထားခဲ့ပြီးနောက် ၎င်း၏ အာဏာကိုချုပ်ကိုင်မှုသည် ပြီးခဲ့သည့် သီတင်းပတ်က ပြိုလဲသွားခဲ့သည်။

အသက် ၉၃ နှစ်အရွယ် မူဂါဘီ၏ဆက်ခံသူ ရွေးချယ်ရေးအတွက် ပါတီတွင်းတိုက်ပွဲများ  ဖြစ်ပွားခဲ့ပြီးနောက် ဇင်ဘာဘွေ နိုင်ငံရေး အကျပ်အတည်း စတင်ခဲ့သည်။ ယခုလ အစောပိုင်းက အန်နန်ဂါဂွါအား ဒုသမ္မတအဖြစ်မှ ထုတ်ပယ်ခဲ့မှုကြောင့် မူဂါဘီ၏ဇနီး ဂရေ့စ်မူဂါဘီက ခင်ပွန်းဖြစ်သူ နေရာကို ဆက်ခံရန်အတွက် သေချာသလောက်ဖြစ်သွားခဲ့ပြီးနောက် ဇင်ဘာဘွေစစ်တပ်က ဝင်ရောက်စွက်ဖက်ခဲ့သည်။ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် နိုင်ငံမှ ထွက် ပြေးနေခဲ့သော အမ်မာဆင်အန်နန်ဂါဂွါက သမ္မတအဖြစ် လွှဲပြောင်း ဆက်ခံဖွယ်ရှိသည်။

အန် နန်ဂါဂွါသည် လောလောဆယ်တွင် တောင်အာဖရိက၌ ရှိနေသည်ဟု ယုံကြည်ထားကြသည်။ ပြီးခဲ့သည့်တစ်ပတ်က အကျပ်အတည်း စတင်ခဲ့ပြီးနောက် မူဂါဘီသည် မြို့တော်ရှိ အမိုးပြာအိမ်တော်၌ အကျယ်ချုပ်ချခံထားရသည်။

မူဂါဘီနုတ်ထွက်သွားမှုသည် ဇင်ဘာဘွေအတွက် ဖိနှိပ်မှုများကင်းစင်သော လမ်းကြောင်းသစ် ဖော်ဆောင်ရန် အခွင့်အလမ်း ရရှိခြင်းဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီ ဇာမေက ပြောခဲ့သည်။

Most Read

Most Recent