ဟောင်ကောင်တွင် တိုက်ခန်းနှစ်ခန်းအား စံချိန်တင်ဈေး ဒေါ်လာ ၁၄၉ သန်းကျော်ဖြင့် ရောင်းချ

ဟောင်ကောင်တွင် တိုက်ခန်းနှစ်ခန်းအား စံချိန်တင်ဈေး ဒေါ်လာ ၁၄၉ သန်းကျော်ဖြင့် ရောင်းချ
Published 22 November 2017

နိုဝင်ဘာ ၂၁ ရက်က ဟောင်ကောင်ရှိ နီခိုဆန်တောင် (ယာထိပ်) တွင် ဇိမ်ခံအိမ်ရာတစ်ခုအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

ဟောင်ကောင်တွင် တိုက်ခန်းတစ်ခန်းတည်းကို ဒေါ်လာ ၇၁ သန်းကျော်နှင့်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယင်းဈေးနှုန်းက စံချိန်သစ်တင်သွားခဲ့သည်။

ချမ်းသာသူတစ်ဦးသည် တောင်ထိပ် တစ်ခုပေါ်၌ရှိသော တိုက်တစ်လုံးမှ ဘေးချင်းကပ်တိုက်ခန်းနှစ်ခန်းကို ဝယ်လိုက်ရာ နှစ်ခန်းပေါင်းတန်ဖိုးသည် မျက်ရည်လည်စရာ ဒေါ်လာ ၁၄၉ ဒသမ ၁ သန်းဖြစ်သွားခဲ့သည်။ ထိုတိုက်ခန်းတစ်ခန်းစီ၏ အကျယ် မှာ စတုရန်းပေ ၄၀၀၀ ကျော် (၃၇၀ စတု ရန်းမီတာ) ရှိကြောင်း သိရသည်။

ထို တိုက်ခန်းတစ်ခန်းစီ၏ တန်ဖိုးသည် ဒေါ်လာ ၇၁ ဒသမ ၇ သန်းနီးပါး ရှိနေသဖြင့် တစ်စတုရန်းပေလျှင် ဒေါ်လာ ၁၇၀၀၀ ကျသင့်သွားသည်ဟု Bloomberg က ဖော်ပြခဲ့သည်။ ထို့ကြောင့် ယင်းတိုက်ခန်းသည် အကျယ်အဝန်းအားဖြင့် တွက်ပါက အာရှတွင် ဈေးနှုန်းအမြင့်ဆုံး တိုက်ခန်းဖြစ်သွားခဲ့ပြီဖြစ်သည်။

ယခု တိုက်ခန်းဈေးနှုန်းသည် အလွန်အမင်း ထိုးတက်နေသည့် ဟောင်ကောင်အိမ်ခြံမြေဈေးကွက်မှ ယခင်စံချိန်တင်ဈေးနှုန်းအား ချိုးဖျက်သွားနိုင်ခဲ့သည်။ ယခင်စံချိန်မှာ စက်တင်ဘာလက ရောင်းချခဲ့သော တစ်စတုရန်းပေလျှင် ဒေါ်လာ ၁၃၄၃၉ ရှိသည့် နှစ်ခန်းတွဲတိုက်ခန်းဖြစ်သည်။

ထို့နောက် တစ်လအကြာတွင် ဟောင်ကောင်မြို့ထဲမှ ရုံးအဆောက်အအုံတစ်လုံးကို စံချိန်တင်ဈေးနှုန်းဖြစ်သည့် ဒေါ်လာ ငါးဘီလျံဖြင့် ရောင်းချနိုင်ခဲ့သည်။ ဇွန် လကလည်း ကားပါကင်ထိုးသည့် နေရာတစ်ခုသည် ဒေါ်လာ ၆၆၄၂၀၀ ဖြင့် ရောင်းထွက် သွားခဲ့သည်။ ထိုဖြစ်စဉ်များသည် ပြည်မကြီးမှ ချမ်းသာသော ရင်းနှီးမြှုပ်နှံသူများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အစုလိုက် အပြုံလိုက် ဝင်လာရာမှအစပြုပြီး ဟောင်ကောင်အိမ်ခြံမြေနှင့် စီးပွားဖြစ်အဆောက်အအုံ ဈေးနှုန်းများ ထိုးတက်လာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထို့ကြောင့် အိမ်ခြံမြေဈေးကွက် မြင့် တက်မှုသည် ဟောင်ကောင်တွင် နိုင်ငံရေး အကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်တွင် ဈေးနှုန်းအကြီးမြင့်ဆုံးမြို့များ၌ ပါဝင်သည့် ဟောင်ကောင်၌ နေထိုင်မှုစရိတ်များမှာလည်း ဆက်လက်မြင့်တက်နေသည်။

ပြီးခဲ့သည့်သီတင်းပတ်က ထွက်လာသော အစိုးရလေ့လာမှုတစ်ရပ်အရ လူဦးရေ ၇ ဒသမ ၃၅ သန်းနေထိုင်သော ဟောင်ကောင်တွင် ရာခိုင်နှုန်း ၂၀ နီးပါးမှာ ဆင်းရဲ မွဲတေမှု သတ်မှတ်မျဉ်းအောက်၌ နေထိုင် နေကြရသည်။

Most Read

Most Recent