ထရန့်က မြောက်ကိုရီးယားအား အကြမ်းဖက်မှုကို အားပေးသည့် နိုင်ငံများစာရင်းသို့ ထည့်သွင်း

ထရန့်က မြောက်ကိုရီးယားအား အကြမ်းဖက်မှုကို အားပေးသည့် နိုင်ငံများစာရင်းသို့ ထည့်သွင်း
Published 22 November 2017

အပြစ်ပေးခံရသည်ဟု သတင်းထွက်ခဲ့သော ဟွမ်ပြောင်ဆို(ယာ)အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က စကားပြောနေသည့် ကင်ဂျုံအွန် (Photo - AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အစိုးရနှင့် နျူကလီးယားဆိုင်ရာ လိပ်ခဲတည်းလည်း အခြေအနေအား အဆုံးသတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးရန် မျှော်လင့်ချက်အား ဝါရှင်တန်က လက်မလျှော့သေးဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက  ပြောကြားထားချိန်တွင် သမ္မတဒေါ်နယ်ထရန့်က မြောက်ကိုရီးယားအား အကြမ်းဖက်မှုကို အားပေးသည့် နိုင်ငံများစာရင်းသို့ ထည့်သွင်းကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။ အီရန်နှင့် ဆီးရီးယားတို့က ယခင်က ဦးဆောင်နေသည့် ယင်းအမည်ပျက်စာရင်းတွင် မြောက်ကိုရီးယားအားထည့်ပြီးနောက် ပိတ်ဆို့အရေးယူမှုများအား အမေရိကန် ဘဏ္ဍာရေးဌာနက အလျင်အမြန်ချမှတ်နိုင်ရန်အတွက် လုပ်ဆောင်သွားမည်ဟု ထရန့်က ကတိပေးခဲ့သည်။

မြောက်ကိုရီးယားအား ယင်းစာရင်းသို့ ကာလကြာရှည်ကတည်းက ထည့်သွင်းသင့်ကြောင်း၊ လွန်ခဲ့သောနှစ်များစွာကတည်းက ထည့်သွင်းသင့်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားတွင်ထောင်ထဲ၌ ထိန်းသိမ်းခံထားရစဉ် အမေရိကန်ကျောင်းသားတစ်ဦး သေဆုံးခဲ့ရမှု၊ ကင်ဂျုံအွန်၏ အဖေတူ အမေကွဲအစ်ကိုဖြစ်သူ ကင်ဂျုံနန်အား ပြည်ပတွင် အာရုံကြောထိခိုက်စေသည့် အဆိပ်ဖြင့် လုပ်ကြံခဲ့မှုတို့သည် မြောက်ကိုရီးယားအား ယင်းစာရင်းသို့ ထည့်သွင်းရန် အကြောင်းပြချက်များဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး တေလာဆင်က ပိတ်ဆို့အရေးယူမှုနှင့် သံတမန်ရေးများသည် နျူကလီးယားလက်နက် စွန့်လွှတ်ရေးဆွေးနွေးပွဲသို့ ပါဝင်လာစေရန် ကင်အား ဖိအားပေးနိုင်ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားအား ချမှတ်ထားပြီးဖြစ်သည့် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများသည် ပြုံယမ်း၏ စီးပွားရေးအားကြီးမားသော သက်ရောက်မှုရှိခဲ့ပြီဖြစ်ကြောင်း တေလာဆင်က ပြောကြားခဲ့သည်။

ယင်းစာရင်းသို့ ထည့်သွင်းကြောင်း ထရန့်က မကြေညာမီ မြောက်ကိုရီးယား အာဏာရပါတီသတင်းစာ ရိုဒေါင်ရှင်မွန်သတင်းစာ အယ်ဒီတာ့အာဘော်တွင် ထရန့်သည် အမေရိကန်အား ငရဲခန်းသို့ ဦးတည်သော ပြန်မလှည့်နိုင်သည့် လမ်းကြောင်းသို့ ဆွဲချနေသည့် ငွေမက်သော စိတ်ဖောက်ပြန်နေသူဖြစ်ကြောင်း ဝေဖန်တိုက်ခိုက်ခဲ့သည်။ အမေရိကန်မြို့များအထိ ရောက်နိုင်သော နျူကလီးယား ထိပ်ဖူးတပ်တိုက်ချင်းပစ်ပဲ့ ထိန်းဒုံးများအား မြောက်ကိုရီးယားက စမ်းသပ်ခြင်း သို့မဟုတ် ဖြန့်ကြက်ခြင်းတို့ကို အမေရိကန်က လက်သင့်ခံမည်မဟုတ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ထရန့်၏ ကြေညာချက်အား ကြိုဆိုထောက်ခံကြောင်း ဂျပန်က ထုတ်ပြန်ခဲ့သည်။ အမေရိကန်၏ လုပ်ရပ်သည် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများနှင့် ဖိအားများမှတစ်ဆင့် မြောက်ကိုရီးယားအား နျူကလီးယား ဖျက်သိမ်းရေးလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံကြိုးပမ်းမှုများမှ အစိတ်အပိုင်းဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားကမူ ယင်းလုပ်ရပ်အား စစ်ပွဲကြေညာချက်ကဲ့သို့ သဘောထားနိုင်ပြီး မကြာမီကာလတွင် တိုက်ချင်းပစ်ပဲ့ ထိန်းဒုံးစမ်းသပ်မှုပြုလုပ်ပြီး တုံ့ပြန်နိုင်ခြေရှိကြောင်း ဆိုးလ်ရှိ မြောက်ကိုရီးယား လေ့လာရေးဆိုင်ရာ တက္ကသိုလ်ပါမောက္ခယန်မိုဂျင်က သုံးသပ်ခဲ့သည်။ မြောက်ကိုရီးယားအစိုးရသည် ပြင်းထန်သည့် အရေးယူမှုများ ချမှတ်ခံထားရပြီးဖြစ်၍ ယင်းစာရင်းထည့်သွင်းမှုသည် စီးပွားရေးအား ချက်ချင်းသက်ရောက်မှု မရှိနိုင်ဟု သိရသည်။

Ref ; AFP

Most Read

Most Recent