မြန်မာနိုင်ငံသည် ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးရေးခွဲခြားမှု ချမှတ်ထားသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲ

မြန်မာနိုင်ငံသည် ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးရေးခွဲခြားမှု ချမှတ်ထားသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲ
Published 22 November 2017

နိုဝင်ဘာ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်ရှိ တန်ခါလီဒုက္ခသည်စခန်းအား ရိုက်ကူးထားသောဓာတ်ပုံ (Photo- AFP)

မြန်မာနိုင်ငံက ဘင်္ဂါလီမွတ်စလင်များအပေါ် ထိန်းချုပ်မှုများဖြင့် တင်းကျပ်ထားခြင်းသည် လူမျိုးရေးခွဲခြားမှုမြောက်သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က ဒုက္ခသည် ၆၂၀,၀၀၀ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည့် အကျပ်အတည်း၏ အကြောင်းရင်းဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမှုတစ်ရပ်၌ နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ အခွင့်အရေးများ ဆုံးရှုံးနေသော ဘင်္ဂါလီ မွတ်စလင်များအရေးနှင့်ပတ်သက်၍ ကမ္ဘာတစ်လွှားက ဒေါသထွက်ခဲ့ကြသည်။ ၎င်းတို့သည် သြဂုတ်လကတည်းက ရခိုင်ပြည်နယ်မှ ထွက်ပြေးလာကြပြီး မြန်မာလုံခြုံရေးတပ်များ၏ သတ်ဖြတ်၊ မုဒိမ်းကျင့်၊ မီးရှို့ခံရမှုများအကြောင်း ပြန်ပြောပြခဲ့ကြသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ဘင်္ဂါလီ မွတ်စလင်ဒုက္ခသည်အချို့ကို ပြန်လည် လက်ခံရေးနှင့်ပတ်သက်၍ သဘောတရားအရ သဘောတူညီပြီးဖြစ်သော်လည်း လွန်ခဲ့သည့် သီတင်းပတ်တွင် မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ဘင်္ဂလားဒေ့ရှ်က အဆိုပြုသော ဒုက္ခသည်အရေအတွက်ကို လက်ခံရန် မဖြစ်နိုင်ဟု ပြောကြားခဲ့မှုနှင့်အတူ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိခြင်း မရှိသေးပေ။

AI အဖွဲ့က ယခုအကျပ်အတည်းဆီသို့ ဦးတည်လာစေသည့် နှိပ်ကွပ်ခံရမှုနှစ်များအကြောင်း အသေးစိတ်ကို အစီရင်ခံဖော်ပြခဲ့သည်။

နှစ်များ ချီလျက်ကြာသည့် နိုင်ငံတော်က ထောက်ပံ့သော လှုပ်ရှားမှုတစ်ရပ်က ဘင်္ဂါလီမွတ်စလင်တို့၏ ဘဝမျက်နှာစာအားလုံးကို ထိန်းချုပ်ကန့်သတ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်များ အဓိကနေထိုင်သော မြန်မာနိုင်ငံတွင် လူနည်းစုမွတ်စလင်များသည် အောက်တန်းနောက်တန်းကျသော ဘဝသို့ရောက်အောင် ဘောင်ခတ်ခံရသည်ဟု AI ၏ လေ့လာချက်က ဖော်ပြသည်။

နှစ်နှစ်ကြာ သုတေသနပြုမှုအပေါ် အခြေခံသည့် စာမျက်နှာ ၁၀၀ ပါရှိသော အစီရင်ခံစာတွင် လူမျိုးရေးခွဲခြားမှုဖြင့် လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှု၏ ဥပဒေရေးရာစံနှုန်းနှင့် ကိုက်ညီအောင် ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

“ရခိုင်ပြည်နယ်ဟာ ရာဇဝတ်မှုဖြစ်ပွားရာ ဒေသတစ်ခုပါ။ လွန်ခဲ့တဲ့သုံးလက တပ်မတော်ရဲ့ ရက်စက်တဲ့ အကြမ်းဖက်စစ်ဆင်ရေးမတိုင်မီ အချိန်အကြာကြီးကတည်းက ဒီကိစ္စဟာ ရှိခဲ့တယ်” ဟု AI အဖွဲ့မှ သုတေသနဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး အင်နာနေးစတက်က ပြောကြားခဲ့သည်။

မြန်မာအာဏာပိုင်များသည် ဘင်္ဂါလီမွတ်စလင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကို လူမျိုးရေးခွဲခြားသည့် လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေသော စနစ်တစ်ရပ်ဖြင့် ခွဲခြားကန့်သတ်ကာ ချိုးနှိမ်၍ ထားခဲ့သည်ဟုလည်း အင်နာနေးစတက်က ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent