ဒေသတွင်းစစ်ပွဲများသို့ လက်နက်များပေးပို့ခြင်းမရှိဟု ဟစ်ဇ်ဘိုလာတို့က တရားဝင်ငြင်းဆို

ဒေသတွင်းစစ်ပွဲများသို့ လက်နက်များပေးပို့ခြင်းမရှိဟု ဟစ်ဇ်ဘိုလာတို့က တရားဝင်ငြင်းဆို
Published 22 November 2017

၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ဘေရွတ်တောင်ပိုင်းတွင် လူအုပ်အား နှုတ်ဆက်နေသော ဟစ်ဇ်ဘိုလာခေါင်းဆောင် နာဆရယ်လာ (လယ်)

လက်ဘနွန်မှ သြဇာကြီးဟဇ်ဘိုလာသည် စစ်ဖြစ်နေသော ဒေသတွင်းနိုင်ငံများသို့ လက်နက်များပို့နေသည်ဟု အာရပ်တို့၏ စွပ်စွဲချက်များအား ဟစ်ဇ်ဘိုလာခေါင်းဆောင်က နိုဝင်ဘာ ၂၀ ရက်တွင် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် ဟစ်ဇ်ဘိုလာခေါင်းဆောင်က ၎င်း၏ တိုက်ခိုက်ရေးသမားများ ပြည်ပတိုက်ပွဲများ၌ နိုင်ပွဲများရနေခြင်းနှင့် ပတ်သက်၍လည်း အောင်ပွဲခံခဲ့သည်။

ကိုင်ရိုတွင် နိုဝင်ဘာ ၁၉ ရက်က ကျင်းပခဲ့သော အာရပ်အဖွဲ့ချုပ်၏ ပုံမှန်မဟုတ်သည့် အစည်းအဝေးတစ်ခုတွင် ဟစ်ဇ်ဘိုလာတို့ကို အကြမ်းဖက်အုပ်စုဖြစ်သည်ဟု ခေါ်ဆိုခဲ့ကာ ဒေသတွင်းစစ်ပွဲများ၌ ဝင်စွက်ဖက်ခြင်းနှင့် အကြမ်းဖက်မှုများအား ပျံ့နှံ့စေခြင်းအား ရပ်တန့်ရန်တောင်းဆိုခဲ့ကြသည်။ ဟစ်ဇ်ဘိုလာအပါအဝင် ဒေသထဲရှိ လက်နက်ကိုင် လှုပ်ရှားမှု အဖွဲ့အစည်းများကို ကျောထောက်နောက်ခံပေးနေသော ပြိုင်ဘက်အီရန်၏ စည်းဖောက်မှုများကို ဆွေးနွေးရန်အတွက် ဆော်ဒီကဝန်ကြီးအဆင့်ရှိသည့် ထိုအစည်း အဝေးကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဆွန်နီဆော်ဒီတို့သည် ၎င်းတို့မြို့တော် ရီယာ့ဒ်သို့ ဦးတည်ပစ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချလိုက်ရပြီးနောက်ပိုင်း ဒေါသူပုန်ထခဲ့သည်။ ထိုဒုံးကျည်အား အိမ်နီးချင်းယီမင်မှ အီရန်ကျောထောက် နောက်ခံပေးထားသည့် ရှီအိုက်ဟူသီသူပုန်များက ပစ်လိုက်သည်ဟု ဆော်ဒီက စွပ်စွဲနေပြီး အီရန်ကမူ ၎င်းပါဝင်ခြင်းမရှိဟု ငြင်းဆိုနေသည်။

နိုဝင်ဘာ ၂၀ ရက်က ရုပ်သံမိန့်ခွန်း တစ်ခုတွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန်နာဆရယ်လာက ၎င်းတို့အုပ်စုသည်  ဆော်ဒီသို့ ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုတွင် ပါဝင်ခြင်းမရှိဟု ပြောခဲ့သည်။ ထို့ပြင် ဒေသတွင်း ပဋိပက္ခဇုန်များသို့ ဟစ်ဇ်ဘိုလာက လက်နက်ပေးပို့သည်ဟု စွပ်စွဲမှုများကိုလည်း နာဆရယ်လာက ငြင်းဆိုခဲ့သည်။

“ဒါကို တရားဝင်ငြင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ဟာ ယီမင်၊ ဘာရိန်း၊ ကူဝိတ်၊ အီရတ်တွေကို လက်နက်ပေးမပို့ပါဘူး” ဟု နာဆရယ်လာက ပြောကြားခဲ့သည်။

အာရပ်အစည်းအဝေး၏ အပြီးသတ် ထုတ်ပြန်ချက်တွင် ဟစ်ဇ်ဘိုလာသည် အာရပ်နိုင်ငံများရှိ အကြမ်းဖက်မှုနှင့် အကြမ်းဖက် အဖွ့ဲအစည်းများကို ခေတ်မီလက်နက်၊ ပဲ့ထိန်းဒုံးကျည်တို့ဖြင့် ထောက်ပံ့ပေးမှုအတွက် တာဝန်ရှိကြောင်း ဖော်ပြထားသည်။ ဟစ်ဇ်ဘိုလာခေါင်းဆောင် နာဆရယ်လာကမူထို စွပ်စွဲချက်များသည် ရူးကြောင်ကြောင်နိုင်သည်ဟု ပြန်၍သရော်ခဲ့သည်။ သို့သော် နာဆရယ်လာသည် ဆော်ဒီအာရေဗျနှင့် အခြားပင်လယ်ကွေ့နိုင်ငံများသို့ ပုံမှန်၎င်းပြောနေကျ ခါးခါးသီးသီးစကားများကို မပြောခဲ့ကြောင်း သိရသည်။

နာဆရယ်လာက ဟစ်ဇ်ဘိုလာတို့သည်  ဒေသတွင်း၌ ဝင်နှောင့်ခြင်းမရှိသည့်အပြင်  အီရတ်နှင့် ဆီးရီးယားတို့၌ ၎င်းတို့ပါဝင်သည့် IS နှိမ်နင်းရေးစစ်ပွဲများမှာ အောင်ပွဲများ ရရှိနေကြောင်းလည်း ချီးမြှောက်ပြောကြားခဲ့သည်။

သို့သော် ဆီးရီးယားနယ်စပ်အနီးရှိ ရာဝါမြို့အား IS တို့လက်ထဲမှ ပြန်လည်သိမ်းပြီးလျှင် အီရတ်ထဲမှ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများကို ပြန်လည်ဆုတ်ခွာရန် အသင့်ရှိနေကြောင်း နာဆရယ်လာက နိုဝင်ဘာ ၂၀ ရက်မှာပင် ပြောကြားခဲ့သည်။ ဟစ်ဇ်ဘိုလာသည် ဆီးရီးယားနိုင်ငံသို့လည်း သမ္မတ  ဘာရှားအယ်အာဆတ်အဖွဲ့များကို အကူအညီပေးရန် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်ထားသေးသည်။

Ref း AFP

Most Read

Most Recent