အာဏာရှင်မူဂါဘီ နုတ်ထွက်ရန် ဖြုတ်ချခံဇင်ဘာဘွေဒုသမ္မတ ပြောကြား

အာဏာရှင်မူဂါဘီ နုတ်ထွက်ရန် ဖြုတ်ချခံဇင်ဘာဘွေဒုသမ္မတ ပြောကြား
Published 21 November 2017

ဇင်ဘာဘွေပါလီမန်က အာဏာရှင် သမ္မတ ရောဘတ်မူဂါဘီအား စွပ်စွဲပြစ်တင်မှု ဆောင်ရွက်ရန် ပြင်ဆင်နေစဉ် ဖြုတ်ချခံဒု သမ္မတ အမ်မာဆင်အန်နန်ဂါဂွါက သမ္မတ မူဂါဘီအား ရာထူးမှဆင်းပေးရန် နိုဝင်ဘာ ၂၁ က တောင်းဆိုခဲ့သည်။ အန်နန်ဂါဂွါက ၎င်း၏ လုံခြုံရေးကို အာမခံမှသာ နေရပ်သို့ ပြန်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဇင်ဘာဘွေပြည်သူတွေက သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ထားပါတယ်။ နုတ်ထွက်ပေးဖို့ ဇင်ဘာဘွေပြည်သူတွေရဲ့ တိုက်ပွဲခေါ်သံကို သူ (မူဂါဘီ) က ဂရုစိုက်နားထောင်သင့်ပါတယ်။ ဒါမှသာ နိုင်ငံက ရှေ့ဆက်နိုင်ပြီး သူ့ရဲ့အမွေကို ထိန်းသိမ်းနိုင်မှာပါ” ဟု အန်နန်ဂါဂွါက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ဇင်ဘာဘွေ၏ သြဇာကြီးသော စစ်ပြန်များက မူဂါဘီကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများ ချက်ချင်းဆောင်ရွက်ရန် နိုဝင်ဘာ ၂၁ ရက် က တောင်းဆိုခဲ့သည်။

ယခုလအစောပိုင်းက ရာထူးမှထုတ်ပယ်ခံခဲ့ရသော အန်နန်ဂါဂွါသည် စစ်တပ်က ဇင်ဘာဘွေကို ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အာဏာရ ZANU - PF ပါတီသည် မူဂါဘီအား စွပ်စွဲပြစ်တင်မှုအဆိုတင်သွင်းရန် ဆောင်ရွက်နေချိန်တွင် သူ၏ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent