ဘင်္ဂါလီမွတ်စလင်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုသည် အလွန်အမင်း အားတက်ဖွယ်ကောင်းသည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ ပြောကြား

ဘင်္ဂါလီမွတ်စလင်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုသည် အလွန်အမင်း အားတက်ဖွယ်ကောင်းသည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ ပြောကြား
Published 21 November 2017

နေပြည်တော်တွင် နိုဝင်ဘာ ၂၀ ရက်က အေဆမ်အစည်းအဝေး ကျင်းပစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် မိုဂေရီနီ (ယာ) တို့ကို တွေ့ရစဉ် (Photo: AFP)

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲ ဖက်ဒရီကာမိုဂေရီနီက ဘင်္ဂါလီမွတ်စလင်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုသည် အလွန်အမင်း အားတက်ဖွယ်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားလျက် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည့် မွတ်စလင်များကို ပြန်လည်လက်ခံရေးအတွက် ခြေလှမ်းများအား ကြိုဆိုလိုက်သည်။

သို့သော် မိုဂေရီနီ၏ အကောင်းမြင်သည့် လေသံသည် လွန်ခဲ့သည့် သြဂုတ်လနှောင်းပိုင်းကတည်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော မုဒိမ်းကျင့်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းနှင့် မီးရှို့ခံရခြင်းတို့မှ ထွက်ပြေးလာရသည့် ဘင်္ဂါလီမွတ်စလင် ၆၂၀,၀၀၀ ပါဝင်သော အကျပ်အတည်း၏ လက်တွေ့အရှိတရားများနှင့် အကြီးအကျယ် ကွဲလွဲလျက်ရှိသည်။

ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများ၏ လူသေဆုံးမှုများ ဖြစ်စေခဲ့သော သြဂုတ် ၂၅ ရက် တိုက်ခိုက်မှုများကြောင့် မြန်မာလုံခြုံရေးတပ်များ၏ အကြီးအကျယ်နှိမ်နင်းမှုဖြစ်စေခဲ့ပြီး ယင်းနှိမ်နင်းမှုများကို ကုလသမဂ္ဂက လူမျိုးစုလိုက် သုတ်သင်မှုမြောက်နိုင်သည်ဟု ပြောကြားခဲ့သည်။

သံတမန်ရေးရာဖိအားများက မြန်မာနိုင်ငံ (အထူးသဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်) အပေါ် ကြီးထွား၍လာခဲ့သည်။

ယင်းကို တုံ့ပြန်သောအားဖြင့် မြန်မာနိုင်ငံက ဒုက္ခသည်များအား ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြောင်း အတည်ပြုနိုင်လျှင် ပြန်လည်လက်ခံရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။

သီတင်းပတ်အကုန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သော မိုဂေရီနီသည် နိုဝင်ဘာ ၂၀ ရက်တွင် အပြုသဘောဆောင်သော သဘောထားတစ်ရပ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့သည်။

“ဒီဆွေးနွေးမှုက အလွန်အမင်း အားတက်ဖွယ်ဖြစ်တယ်လို့ ကျွန်မတွေ့ရှိခဲ့ပါတယ်” ဟု မိုဂေရီနီက မြန်မာနိုင်ငံမြို့တော် နေပြည်တော်တွင်ပြုလုပ်သော အာရှနှင့် ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့်ပတ်သက်ပြီး စစ်မှန်ပြီး ခိုင်မာတယ်လို့ ကျွန်မယုံကြည်တဲ့ ဖြစ်နိုင်ခြေတွေကြောင့် ကျွန်မ အလွန်အမင်း အားတက်မိပါတယ်” ဟု ဒုက္ခသည်များကို ပြန်လည်လက်ခံရေးအတွက် သဘောတူညီမှုရရှိပြီးနောက် မိုဂေရီနီက ပြောကြားခဲ့သည်။

သို့သော် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ဒုက္ခသည်များကို ပြန်လည်လက်ခံရေးအတွက် အပြီးသတ်သဘောတူညီမှုတစ်ရပ် ယခုအထိရရှိခြင်းမရှိသေးပေ။

ဘင်္ဂါလီဒုက္ခသည် အရေအတွက်များစွာတို့သည် အကြမ်းဖက်မှု၊ ကြောက်လန့်မှုနှင့် ငတ်မွတ်မှုတို့ကြောင့် နေ့စဉ်ထွက်ပြေးနေရဆဲဖြစ်သောကြောင့် အရေးပါလောက်အောင် များပြားသည့် ဒုက္ခသည်အရေအတွက်ကို အလျင်အမြန်နှင့် လုံခြုံစွာပြန်လည်လက်ခံနိုင်ရန်မှာ အကြီးအကျယ်မဖြစ်နိုင်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သော မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်တို့၏ အခြေအနေသည် အကြီးအကျယ် စိတ်ထိခိုက်ဖွယ်ဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများဟု သတ်မှတ်ခံရကာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသည်။

ဘင်္ဂါလီမွတ်စလင်များ နေထိုင်ခဲ့သည့်ရွာများသည် လုံးလုံးလျားလျား ဖျက်ဆီးခံခဲ့ရပြီး ၎င်းတို့၏ စပါးစိုက်ခင်းများသည်လည်း သိမ်းယူခံရ သို့မဟုတ် ဖျက်ဆီးခံရပြီးဖြစ်သောကြောင့် ၎င်းတို့ မည်သို့မည်ပုံ ပြန်နိုင်မည်နည်းဟူသည် အကြီးအကျယ် မေးခွန်းထုတ်ဖွယ်ဖြစ်နေသည်။

မြန်မာတပ်မတော်၏ ယခင်စစ်ဆင်ရေးများကြောင့် ထွက်ပြေးလာခဲ့ရသည့် သိန်းနှင့်ချီသော ဘင်္ဂါလီမွတ်စလင်များသည်ပင်လျှင် ဆယ်စုနှစ်အတန်ကြာပြီဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပြန်လည်လက်ခံရေး သဘောတူညီချက်များ ရှိထားလျက်နှင့် ယခုတိုင် နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent