ခြစားမှုဖြင့် စွပ်စွဲခံထားရသော အင်ဒိုနီးရှားလွှတ်တော်ဥက္ကဋ္ဌကို ဖမ်းဆီးမိ

ခြစားမှုဖြင့် စွပ်စွဲခံထားရသော အင်ဒိုနီးရှားလွှတ်တော်ဥက္ကဋ္ဌကို ဖမ်းဆီးမိ
Published 21 November 2017

နိုဝင်ဘာ ၁၉ ရက်က ဂျကာတာတွင် တိမ်းရှောင်ပါလီမန်ဥက္ကဋ္ဌ နိုဗန်တိုအား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူများက စောင့်ကြပ်ခေါ်ဆောင်သွားစဉ် (Photo: AFP)

ပြည်သူ့ဘဏ္ဍာဒေါ်လာသန်း ၁၇၀ အား ခိုးယူမှုထဲ၌ ပါဝင်သည်ဟု စွပ်စွဲခံရမှုဖြင့် စစ်ဆေးမေးမြန်းခံရမည့်အရေးအား သီတင်းပေါင်းများစွာ ရှောင်ပြေးနေသော အင်ဒိုနီးရှားပါလီမန်ဥက္ကဋ္ဌကို နိုဝင်ဘာ ၁၉ ရက်တွင် ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ဖမ်းဆီးလိုက်ပြီဖြစ်သည်။

အသက် ၆၂ နှစ်အရွယ် ဆက်ယာနိုဗန်တို၏နေအိမ်ကို နိုဝင်ဘာ ၁၇ ရက်က ရဲများက ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ၎င်းကိုမတွေ့ခဲ့ပေ။ နိုဗန်တို နိုင်ငံထဲမှထွက်ပြေးသွားမည်ကို စိုးရိမ်ပြီး မြို့တော်တစ်ခုလုံး၌ အပြင်းအထန် ဆက်လက်ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ကြပေ။ နိုဝင်ဘာ ၁၈ ရက်ညပိုင်းတွင်မူ နိုဗန်တိုသည် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားသည်ဟုဆိုကာ ဆေးရုံသို့ရောက်ရှိလာခဲ့သည်။

နိုဗန်တို၏ရှေ့နေများက နိုဗန်တိုသည် ယာဉ်တိုက်မှုအတွင်း အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်ဟု ဆိုခဲ့သော်လည်း ဆေးရုံရှိဆရာဝန်များက ၎င်း၌ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည့် လက္ခဏာမရှိဘဲ စုံစမ်းမေးမြန်းခံရရန် သင့်တော်သည်ဟု နိုဝင်ဘာ ၁၉ ရက်၌ အတည်ပြုလိုက်သည်။

ထို့ကြောင့် နိုဗန်တိုကို နိုဝင်ဘာ ၁၉ ရက် သန်းခေါင်အချိန်မှာပင် ထိန်းသိမ်းရေးစခန်းတစ်ခုကို ရွှေ့ပြောင်းခဲ့သည်ဟု ခြစားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဖီဘရီဒိုင်ယန်စရာက ပြောကြားခဲ့သည်။ သတင်းဓာတ်ပုံများထဲ၌ လိမ္မော်ရောင်အကျဉ်းသားဝတ်စုံအား ဝတ်ထားသည့် နိုဗန်တိုအား ဘီးတပ်ကုလားထိုင်တစ်လုံးပေါ်၌ တွေ့ခဲ့ရသည်။

၂၀၁၁ မှ ၂၀၁၂ ခုနှစ်အတွင်း မိတ်ဆက်ခဲ့သော အီလက်ထရွန်နစ် သက်သေခံကဒ် ထုတ်ပေးရေးစီမံချက်အတွက် ရန်ပုံငွေဒေါ်လာသန်း ၄၄၀ မှ သုံးပုံတစ်ပုံကျော်ကို ခိုးယူထားသည်ဟု စွပ်စွဲခံရသည့် အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံရေးသမား ၈၀ ဝန်းကျင်အနက် နိုဗန်တိုလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

အင်ဒိုနီးရှား အာဏာရညွန့်ပေါင်းထဲမှ အဓိကပါတီတစ်ခုဖြစ်သော ဂိုလ်ကာပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သော နိုဗန်တိုကမူ မည်သည့်အမှားမျှမလုပ်ထားဟု ငြင်းဆန်နေသည်။ ပြောခွင့်ရပုဂ္ဂိုလ်ဒိုင်ယန်စရာ၏ ပြောကြားချက်အရ နိုဗန်တိုသည် ခြစားမှုတိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများကို ကူညီရန် ရက် ၂၀ ထိန်းသိမ်းခံထားရမည်ဟု သိရသည်။

ဒေါ်နယ်ထရန့်ကို အားကျသူဖြစ်သည့် နိုဗန်တိုသည် ထရန့်သမ္မတမဖြစ်မီ ၂၀၁၅ ခုနှစ် စက်တင်ဘာလက နယူးယောက်ရှိ ထရန့်တာဝါတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပါခဲ့ဖူးသည်။ ထရန့်ကလည်း နိုဗန်တိုသည် အမေရိကန်အတွက် ကောင်းကျိုးပေးမည့် အင်ဒိုနီးရှား၏ သြဇာအကြီးဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်ဟု ပြောခဲ့ဖူးသည်။

 

Most Read

Most Recent