အာရပ်အဖွဲ့ချုပ်ဆွေးနွေးပွဲတွင် ဆော်ဒီနှင့် ဘာရိန်းတို့က အီရန်အား ပစ်မှတ်ထား၍ သတိပေး

အာရပ်အဖွဲ့ချုပ်ဆွေးနွေးပွဲတွင် ဆော်ဒီနှင့် ဘာရိန်းတို့က အီရန်အား ပစ်မှတ်ထား၍ သတိပေး
Published 21 November 2017

နိုဝင်ဘာ ၁၉ ရက်က ကိုင်ရိုမြို့ရှိ အာရပ်အဖွဲ့ချုပ်တွင် အစည်းအဝေးပြုလုပ်နေမှုအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့သည် လက်ဘနွန်အား အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဘာရိန်းက သတိပေးခဲ့စဉ် ဆော်ဒီအာရေဗျကလည်း အီရန်၏ရန်လိုမှုအား ရင်ဆိုင်နေရမှုကို ရပ်ကြည့်သွားမည်မဟုတ်ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် သတိပေးခဲ့သည်။

ရီယာ့ဒ်၏ တောင်းဆိုမှုဖြင့် ကိုင်ရိုရှိ အာရပ်အဖွဲ့ချုပ်ဌာနချုပ်တွင် အထွေထွေအစည်းအဝေးကျင်းပစဉ် ယင်းနှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက အီရန်အား သတိပေးခဲ့ခြင်းဖြစ်သည်။ အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်သော လက်ဘနွန် အကျပ်အတည်းအပါအဝင် ဒေသတွင်း ပြိုင်ဘက်များဖြစ်ကြသော ဆော်ဒီနှင့် အီရန်တို့အကြား တင်းမာမှုမြင့်တက်လာစဉ် ယင်းဆွေးနွေးပွဲအား ကျင်းပခဲ့ခြင်းဖြစ်သည်။

ရီယာ့ဒ်သည် ၎င်း၏ပြည်သူများအား ဘေးကင်းလုံခြုံရန်အတွက် နိုင်ငံလုံခြုံရေးကို ကာကွယ်သွားရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒယ်အယ်ဂျူဘီယာက အီရန်ကိုသတိပေးခဲ့သည်။ ယီမင်ရှိ ရှီအိုက်ဟူသီသူပုန်များက နိုဝင်ဘာ ၄ ရက်တွင် ပစ်ခတ်လိုက်သည့် ဒုံးတစ်စင်းအား ဆော်ဒီကရီယာ့ဒ်အနီး ကြားဖြတ်ပစ်ချခဲ့ပြီးနောက် ယင်းဝန်ကြီးများအစည်းအဝေးတွင် အီရန်၏ စည်းမျဉ်းချိုးဖောက်မှုများအား ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲဆုံးဖြတ်ချက်တွင် ဒုံးဖြင့်ပစ်ခတ်မှုလုပ်ရပ်အား ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်သည် ဆော်ဒီဘုရင်နိုင်ငံအား ပြောင်ပြောင်တင်းတင်းရန်စမှုနှင့် အာရပ်အမျိုးသားလုံခြုံရေးအား ခြိမ်းခြောက်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဆော်ဒီသည် ၎င်း၏ပိုင်နက်အား ကာကွယ်ရန်အခွင့်အရေးရှိကြောင်း ယင်းဝန်ကြီးများက အတည်ပြုခဲ့ပြီး အီရန်၏ ယင်းချိုးဖောက်မှုများအား တုံ့ပြန်အရေးယူသည့် တရားဝင်လုပ်ထုံးလုပ်နည်းအားလုံးအား ထောက်ခံသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့ပြင် ပဲ့ထိန်းဒုံးစီမံကိန်းအတွက် တားမြစ်ထားသည့် ကုလသမဂ္ဂလုံခြုံရေးဆုံးဖြတ်ချက်ကို တီဟီရန်က ချိုးဖောက်ခဲ့ကြောင်း ရှင်းလင်းရန် လုံခြုံရေးကောင်စီဥက္ကဋ္ဌအား တင်ပြရန်အတွက် ယင်းအာရပ်ဝန်ကြီးများက နယူးယောက်ရှိ အာရပ်အဖွဲ့အား တာဝန်ပေးအပ်ခဲ့သည်။

ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး ရှိတ်ခါလတ်ဘင်အာမက်အယ်ခါလီဖာကလည်း လက်ဘနွန်တွင် ရှီအိုက်ဟစ်ဇ်ဘိုလာအဖွဲ့က အလုံးစုံချုပ်ကိုင်ထားပြီး ဒေသတွင်း၌ အီရန်၏ အကြီးဆုံးလက်တံမှာ အကြမ်းဖက် ဟစ်ဇ်ဘိုလာအဖွဲ့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟစ်ဇ်ဘိုလာတို့သည် လက်ဘနွန်နယ်စပ်ထဲမှသာမက နယ်စပ်ဖြတ်ကျော်၍ ၎င်းတို့၏ နိုင်ငံအားလုံးအား စစ်ဆင်ရေးများလုပ်ဆောင်နေပြီး အာရပ်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် အကြမ်းဖက်အဖွဲ့ ဟစ်ဇ်ဘိုလာသည် အာရပ်နိုင်ငံများတွင် အကြမ်းဖက်မှုနှင့် အကြမ်းဖက်အဖွဲ့အစည်းများအတွက် ခေတ်မီလက်နက်များနှင့် ပဲ့ထိန်းဒုံးများထောက်ပံ့ပေးမှုတွင် တာဝန်ရှိကြောင်း သတ်မှတ်သွားမည်ဟု အာရပ်ဝန်ကြီးများ၏ ဆုံးဖြတ်ချက်တွင် ဖော်ပြခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်တွင် ဘာရိန်း၌ ရေနံပိုက်လိုင်းမီးလောင်မှုသည်လည်း အီရန်ထောက်ခံသောအဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ဝန်ကြီးများက ရှုတ်ချခဲ့ကြသည်။

Most Read

Most Recent