မြောက်ကိုရီးယားနျူကလီးယား အကျပ်အတည်းအား အမြန်ဆုံး ဖြေရှင်းကြရန် ထရန့်က တရုတ်နှင့် ရုရှားတို့ကို တိုက်တွန်း

မြောက်ကိုရီးယားနျူကလီးယား အကျပ်အတည်းအား အမြန်ဆုံး ဖြေရှင်းကြရန် ထရန့်က တရုတ်နှင့် ရုရှားတို့ကို တိုက်တွန်း
Published 10 November 2017

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ နိုဝင်ဘာ ၉ ရက်က ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံခဲ့စဉ် (Photo: AFP)

မြောက်ကိုရီးယားနျူကလီးယား အကျပ်အတည်းအား အမြန်ဆုံးဖြေရှင်းကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နှင့် ရုရှားတို့အား နိုဝင်ဘာ ၉ ရက်တွင် တိုက်တွန်းခဲ့ပြီး အချိန်မရှိတော့ကြောင်း ၎င်းက သတိပေးခဲ့သည်။

၎င်းတို့သည် သွက်သွက်လက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်သည် မည်သည့်နိုင်ငံထက်မဆို ယင်းပြဿနာအား မြန်မြန်ဆန်ဆန်နှင့် ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ထရန့်က ပေကျင်းတွင် တရုတ်သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် ကုန်သွယ်မှုအား ကန့်သတ်ခြင်းနှင့် ဘဏ်လုပ်ငန်းဆက်နွှယ်မှုအားလုံးကို ဖြတ်တောက်ခြင်းတို့အတွက် ထရန့်က တရုတ်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သော်လည်း တရုတ်သည် ယင်းထက်ပို၍လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

တရုတ်သည် ယင်းပြဿနာအား အလွယ်ကူဆုံးနှင့် အမြန်ဆုံး ဖြေရှင်းနိုင်ကြောင်း၊ တရုတ်နှင့် ၎င်းတို့၏ကြီးကျယ်သောသမ္မတတို့သည် ယင်းပြဿနာအတွက် အလွန်အမင်း ကြိုးစားလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

၎င်းတို့၏သမ္မတအကြောင်းကို သိထားကြောင်း၊ သူက အပြင်းအထန် ကြိုးစားလျှင် ဖြစ်နိုင်ကြောင်း၊ ယင်းကို သံသယမရှိကြောင်း ထရန့်က ပြောကြားခဲ့သည်။

ဗီယက်နမ်တွင် ယခုသီတင်းပတ်ကုန်၌ အေပက်ထိပ်သီးတွင် ရုရှားသမ္မတ ဗလာဒီ မာပူတင်နှင့်တွေ့ဆုံမည်ဟု မျှော်လင့်ရသော ထရန့်က မြောက်ကိုရီးယားအရေးအတွက် ပြုံယမ်းနှင့် စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုရှိသော မော်စကိုထံမှလည်း အကူအညီ တောင်းခံခဲ့သည်။ အလွန်အမင်းဆိုးရွားသည့် အလားအလာရှိသော အခြေအနေကို ထိန်းချုပ်နိုင်ရန် ရုရှားကိုလည်း အကူအညီတောင်းလိုကြောင်း ထရန့်က ပြောကြားခဲ့သည်။

ထရန့်က သူနှင့် ရှီတို့သည် နျူကလီးယား အကျပ်အတည်းအတွက် အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။ သို့သော် မည်သည့်အဖြေဟု ထရန့်က အသေးစိတ် မပြောကြားခဲ့သော်လည်း တရုတ်၏ စီးပွားရေးဆိုင်ရာ သြဇာက မြောက်ကိုရီးယားအား ၎င်း၏နျူကလီးယားနှင့် ဒုံးလက်နက်စီမံကိန်းများကို ရပ်ဆိုင်းရန်အတွက် အဓိကကျမည်ဟု ယုံကြည်ကြောင်း ထရန့်အစိုးရက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားပြဿနာအား ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးကြရန် တရုတ်က တိုက်တွန်းခဲ့သည်။ ကိုရီးယားကျွန်းဆွယ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲအပါအဝင် အဓိကကျသော ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များတွင် အမေရိကန်နှင့် တရုတ်တို့အကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုအားကောင်းစေရန် လုပ်ဆောင်သင့်ကြောင်း ရှီကျင်ပင်းက ပေကျင်းတွင် ထရန့်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent