ရပ်ဆိုင်းထားသည့် မြစ်ဆုံဆည် စီမံကိန်းနှင့်ပတ်သက်၍ တရုတ်က မြန်မာနှင့် ဆက်လက်ဆွေးနွေးမည်

ရပ်ဆိုင်းထားသည့် မြစ်ဆုံဆည် စီမံကိန်းနှင့်ပတ်သက်၍ တရုတ်က မြန်မာနှင့် ဆက်လက်ဆွေးနွေးမည်
Published 10 November 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (ဝဲ) နှင့် တရုတ်သမ္မတ ရှီကျင်ပင်း (ယာ) တို့ ၂၀၁၆ ခုနှစ် သြဂုတ် ၁၉ ရက်က ပေကျင်းတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် (Photo: AP)

မြန်မာနိုင်ငံ၏ စွမ်းအင်ဝန်ကြီးအသစ်က စီမံကိန်းနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် ရပ်ဆိုင်းထားသည့် အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းနှင့်ပတ်သက်၍ တရုတ်က မြန်မာနှင့် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ တန်ဖိုးရှိ မြန်မာနိုင်ငံမြောက်ပိုင်းမှ မြစ်ဆုံဆည်စီမံကိန်းကို ယခင်အစိုးရက ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းလိုက်ပြီးကတည်းက ယင်းစီမံကိန်းသည် နှစ်နိုင်ငံအကြား၌ ဆူးတစ်ချောင်း ဖြစ်နေခဲ့သည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့မှ သက်ဆိုင်ရာ အာဏာပိုင်များသည် ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများရှိနေသည့်အကြား ကြီးမားလှသည့် စီမံကိန်းကို ဖျက်သိမ်းနိုင်ရေး ခွင့်ပြုရန် အခြားနည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဧပြီလတွင် ဖော်ပြခဲ့ဖူးသည်။

ကြီးမားလှသော ရေအားလျှပ်စစ်ထုတ်ယူရေး ဆည်များသည် ရေရှည်လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ကိုင်တွယ်ရန်အတွက် မြန်မာနိုင်ငံ၏ မဟာဗျူဟာ၌ ဦးစားပေး မဟုတ်ကြောင်း မြန်မာစွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က နိုဝင်ဘာ ၇ ရက်တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရအမျိုးသမီး ဟွာချန်းယင်က မြစ်ဆုံဆည်နှင့်ပတ်သက်၍ တရုတ်၏ အနေအထားသည် မပြောင်းလဲကြောင်းနှင့် တရုတ်သည် အပြန်အလှန်အကျိုးရှိမှု အခြေခံပေါ်မူတည်လျက် မြန်မာနိုင်ငံနှင့် အမြဲတမ်းနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ခဲ့ကြောင်း ပေကျင်းမြို့၌ ပြောကြားခဲ့သည်။

“မြစ်ဆုံရေအားလျှပ်စစ်စက်ရုံဟာ နှစ်ဖက်စလုံးက သဘောတူထားပြီးဖြစ်တဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး အပြည့်အစုံ အတည်ပြုပြီးသားလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နှင့်ပြီးဖြစ်ပါတယ်” ဟု ဟွာက နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။

“ကျွန်မတို့ မြန်မာနိုင်ငံဘက်နဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမှာဖြစ်ပြီး စီမံကိန်းနဲ့ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်မှုအတွင်း ပေါ်ထွက်လာတဲ့ ပြဿနာတွေ ဒါမှမဟုတ် အခက်အခဲတွေကို လက်တွေ့ကျကျနဲ့ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ ကောင်းကောင်းမွန်မွန် တည်တည်ငြိမ်ငြိမ် ဆက်ပြီးဖွံ့ဖြိုးလာဖို့ သင့်တော်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟုလည်း ဟွာက ပြောကြားခဲ့သည်။

ဧရာဝတီမြစ်အထက်ပိုင်း ကချင်ပြည်နယ်ရှိ အဆိုပြုထားသောဆည်သည် နယ်စပ်ကို ဖြတ်ကျော်လျက် ယူနန်ပြည်နယ်သို့ လျှပ်စစ်ဓာတ်အားအများစု ပေးပို့မည်ဖြစ်ပြီး ယူနန်ပြည်နယ်သည် စီးပွားရေးတိုးတက်မှု နှေးကွေးနေသည့်အကြား စွမ်းအင်လိုအပ်ချက်နည်းသော လုပ်ငန်းအများစုသာရှိသောကြောင့် ယခုအခါလျှပ်စစ်ဓာတ်အား ထောက်ပံ့မှု ပိုလွန်နေသည့်ပြည်နယ်ဖြစ်သည်။

၂၀၁၆ ခုနှစ် သြဂုတ်လတွင် အစိုးရဘုတ်အဖွဲ့တစ်ဖွဲ့ကို ထူထောင်ခဲ့ပြီး အစိုးရသည် တရုတ်နိုင်ငံမှ နိုင်ငံတော်စွမ်းအား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းအောက်ရှိ ယူူနန်အပြည်ပြည်ဆိုင်ရာ စွမ်းအားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာစွမ်းအင်ဝန်ကြီးက ပြောကြားခဲ့သည်။

Ref: Reuters

Most Read

Most Recent