တောင်ကိုရီးယားက ညစာစားပွဲတွင် ထရန့်အား အမေရိကန်ထက် သက်တမ်းရင့်သည့် ဆော့ဖြင့် တည်ခင်းဧည့်ခံမည်

တောင်ကိုရီးယားက ညစာစားပွဲတွင် ထရန့်အား အမေရိကန်ထက် သက်တမ်းရင့်သည့် ဆော့ဖြင့် တည်ခင်းဧည့်ခံမည်
Published 8 November 2017

တောင်ကိုရီးယားအစိုးရက အမေရိကန်သမ္မတအား ဧည့်ခံမည့် ညစာစားပွဲတွင် တည်ခင်းမည့် စားသောက်ဖွယ်များအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo : AFP)

တောင်ကိုရီးယားက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား နိုဝင်ဘာ ၇ ရက်တွင် နိုင်ငံတော် ညစာစားပွဲ၌ ပုစွန်တုပ်ဟင်းနှင့်အတူ အမေရိကန်နိုင်ငံ သက်တမ်းထက် ရာစုနှစ်တစ်ခုကျော် သက်တမ်းပိုရှည်သော အထူးစားမြိန်ရည် တစ်မျိုးဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ကြောင်း သိရသည်။ နန်းတော်ဟောင်းဘေးရှိ သမ္မတ အိမ်ပြာတော်တွင် ကျင်းပမည့် ညစာစားပွဲ၌ အမဲနံရိုးဟင်းပွဲနှင့်အတူ သက်တမ်းနှစ် ၃၆၀ ရှိ ပဲဆော့ဖြင့်ပြု လုပ်ထားသည့် ဟင်းအနှစ်လည်း ပါဝင်မည်ဖြစ်ကြောင်း ဆိုးလ်၏ သမ္မတရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။

ယင်းဆော့ စတင်ပြုလုပ်သည့်အချိန် ဖြစ်သော ၁၆၅၇ ခုနှစ်သည် အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း လက်မှတ်ရေးထိုးသူ ဘင်ဂျမင်ဖရန့်ကလင်း၏ ဖခင်ဖြစ်သူ မွေးဖွားသည့်နှစ်ဖြစ်သည်။ ပဲဆော့ အပါအဝင် အချဉ်ဖောက်ထားသော စားစရာများသည် တောင်ကိုရီးယားဟင်းလျာတွင် အဓိကစားဖွယ် တစ်ခုဖြစ်သည်။ ဆယ်စုနှစ်နှင့်ချီ သို့မဟုတ် ရာစုနှစ်နှင့်ချီ အချဉ်ဖောက်ထားသော၊ ထင်ရှားသော ပညာရှင်များ ပြုလုပ်ထားသော ပဲဆော့များအား တစ်လီတာလျှင် ဒေါ်လာ သောင်းဂဏန်းနှင့်ချီ ဈေးနှုန်းရှိကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်က စားသောက်ကုန်ပြပွဲ တစ်ခုတွင် ပညာရှင်အဖွဲ့ တစ်ဖွဲ့က လွန်ခဲ့သော နှစ်ပေါင်း ၄၅၀ ခန့်က ပြုလုပ်ထားသည်ဟု အခိုင်အမာ ပြောကြားသော ဒေါ်လာ ၉၀၀၀၀ (ဝမ်သန်း ၁၀၀) ဈေးနှုန်းရှိသည့် ပဲဆော့ကို ပြသခဲ့သည်။

နိုဝင်ဘာ ၇ ရက် စားသောက်ဖွယ်စာရင်းတွင် ထရန့် အလွန်ကြိုက်နှစ်သက်သည့် ငါးဟု သိထားသော ငါးခွေးလျှာ ဟင်းလျာလည်း ပါဝင်မည်ဖြစ်သည်။ ယင်းစားသောက်ဖွယ် စာရင်းတွင် အမေရိကန်သမ္မတအား ခံတွင်းတွေ့စေမည့် ဒေသဆိုင်ရာနှင့် ရိုးရာစားစရာများလည်း ပါဝင်မည်ဟု အမည်မဖော်သော တာဝန်ရှိသူ တစ်ဦးက ယွန်ဟပ်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

ယင်းစားသောက်ဖွယ်များသည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဧည့်ခံခဲ့သည့် အမေရိကန်ပုံစံနှင့် အလွန်အမင်းတူသည့် စားသောက်ဖွယ်များနှင့် ကွဲပြားနေခဲ့သည်။ တိုကျိုသို့ ထရန့်ရောက်ရှိပြီး နာရီပိုင်းအတွင်း ထရန့်နှင့် အာဘေးတို့သည် ချိစ်ဘာဂါအား ခရမ်းချဉ်ဆော့ဖြင့် စားခဲ့ကြပြီး နိုင်ငံတော် ညစာစားပွဲတွင် အမဲသားပျဉ် ဟင်းလျာ ပါဝင်ခဲ့ကြောင်း သိရသည်။

ဆိုးလ်တွင်မူ ညစာစားပွဲ၌ ပါဝင်သည့် ပုစွန်တုပ်သည် တောင်ကိုရီးယားနှင့် ဂျပန်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းစုတစ်ခုအနီး ဖမ်းမိခဲ့သော ပုစွန်တုပ်ဖြစ်ကြောင်း မွန်း၏ရုံးက ထုတ်ပြန်ခဲ့သည်။ တိုကျိုအား နောက်ထပ်သံတမန်ရေးရာ ထိုးနှက်ချက်အဖြစ် မွန်း၏ရုံးသည် စစ်ပွဲကာလအတွင်း ဂျပန်စစ်သားများ အတွက် လိင်ကျွန်အဖြစ် ခိုင်းစေခံခဲ့ရသည့် လီယောင်ဆိုးအား ညစာစားပွဲသို့ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ အငြင်းပွားကျွန်းစုအနီး ဖမ်းမိခဲ့သော ပုစွန်အား ဟင်းလျာအဖြစ် ဧည့်ခံမှုသည် စိတ်ကူးကောင်း ဟုတ်၊ မဟုတ်ကို သံသယရှိကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ယိုရှီဟီဒီဆူဂါက ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent