w တောင်ကိုရီးယားသမ္မတနှင့် လက်တွဲ၍ အလုံးစုံ ဖြေရှင်းသွားမည်ဟု ဆိုးလ်သို့ရောက်ရှိစဉ် ထရန့် ကတိပြု - Eleven Media Group <

တောင်ကိုရီးယားသမ္မတနှင့် လက်တွဲ၍ အလုံးစုံ ဖြေရှင်းသွားမည်ဟု ဆိုးလ်သို့ရောက်ရှိစဉ် ထရန့် ကတိပြု

နိုဝင်ဘာ ၇ ရက်က ဆိုးလ်တောင်ဘက်ရှိ Camp Humphreys သို့ ရောက်ရှိလာသော အမေရိကန်သမ္မတ ထရန့်အား နှုတ်ဆက်နေကြစဉ် (Photo : AFP)

နျူကလီးယားလက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယားအား ကိုင်တွယ်မည့်နည်းလမ်းနှင့် ပတ်သက်၍ မဟာမိတ်နှစ်နိုင်ငံအကြား ကွဲပြားမှုများ ရှိနေသော်လည်း ဆိုးလ်သို့ နိုဝင်ဘာ ၇ တွင် ရောက်ရှိခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် လက်တွဲ၍ အားလုံးကို ဖြေရှင်းသွားမည်ဟု ကတိပြုခဲ့သည်။ မွန်းသည် လူကြီးလူကောင်းတစ်ဦး ဖြစ်ကြောင်း ထရန့်က Twitter တွင် ချီးကျူးရေးသားခဲ့ပြီး ၎င်းတို့သည် လက်တွဲဖြေရှင်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအား ဆွေးနွေးပွဲသို့ ခေါ်ယူနိုင်ရန် ညှိနှိုင်းမှုကို ထောက်ခံမှုအတွက် မွန်းအား ယခင်မှတ်ချက်များတွင် စွပ်စွဲခဲ့ဖူးသည့် ထရန့်၏ ယခုမှတ်ချက်များသည် နှစ်သိမ့်သည့် သဘောဖြစ်သည်။ ပြုံယမ်းနှင့် ပတ်သက်၍ ရွေးချယ်စရာ နည်းလမ်းအားလုံးသည် ရှိနေကြောင်း ၀ါရှင်တန်၏ ရပ်တည်ချက်ကို တိုကျိုထံမှ အပြည့်အ၀ ထောက်ခံမှု ရရှိခဲ့ပြီးနောက် ထရန့်သည် တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထရန့်သည် ဂျပန်သို့ရောက်ရှိစဉ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဂေါက်ရိုက်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် အလွန်အမင်း ကြီးကျယ်ကြောင်း ပြောကြားခဲ့ကာ သုံးရက်ကြာ ခရီးစဉ်အတွင်း အာဘေးနှင့် ညီအစ်ကို ဆက်ဆံရေးနီးပါး ဖြစ်ခဲ့သည်။ လူ့အခွင့်အရေး ရှေ့နေဟောင်း တစ်ဦးဖြစ်သော မွန်းနှင့် ဆက်ဆံရေးမှာမူ သိသာစွာ အေးစက်ပြီး ဆယ်စုနှစ်နှင့်ချီ ကြာမြင့်ခဲ့သော မဟာမိတ် ဆက်ဆံရေးအတွက် စိုးရိမ်မှုဖြစ်စေကာ အမေရိကန်က ဂျပန်အားပို၍ အရေးပေးမည်ကို တောင်ကိုရီးယားက ပူပန်နေသည်။

သို့သော် ဆိုးလ်မြို့လယ်မှ ဌာနချုပ်များကို ရွှေ့ပြောင်းခဲ့ရသည့် အမေရိကန် တပ်ဖွဲ့ဝင်များ တပ်စွဲထားသော Camp Humphreys သို့ ထရန့်က ရောက်ရှိစဉ် ၎င်းတို့နှစ်ဦးသည် ပြန်လည်သင့်မြတ်ရန် ကြိုးပမ်းခဲ့ကြသည်။ မြောက်ကိုရီးယားနှင့် ပတ်သက်၍ နောက်ဆုံးတွင် ဖြေရှင်းနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ ကိုရီးယား စစ်ပွဲအတွင်း အမေရိကန်သင်္ဘောဖြင့် မြောက်ကိုရီးယားမှ ရွှေ့ပြောင်းပေးခံရသည့် မိဘနှစ်ပါးမှ မွေးဖွားလာသည့် မွန်းသည် အမေရိကန်အား အလွန်အမင်း ချီးကျူးခဲ့သည်။ တစ်ဦးက လိုအပ်ချိန်တွင် မိတ်ဆွေကောင်းက ရှိနေသည်ဟု ဆိုကြကြောင်း၊ အမေရိကန်သည် ၎င်းတို့နှင့် ရှိနေခဲ့သော မိတ်ဆွေကောင်းဖြစ်ပြီး ၎င်းတို့လိုအပ်ချိန်တွင် သွေးနီးခဲ့ကြောင်း မွန်းကဆိုသည်။

မဟာမိတ်နှစ်နိုင်ငံသည် ၎င်းတို့၏ အနေအထားများအတွက် သိမ်မွေ့သောကွဲလွဲမှု ရှိနေပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား သံသယများကို ထင်ရှားစေခဲ့ကြောင်း ကိုရီးယား အမျိုးသား သံတမန်ရေးရာ အကယ်ဒမီမှ ပါမောက္ခ ကင်ယွန်ဝတ်က ပြောကြားခဲ့သည်။ ၎င်းတို့နှစ်နိုင်ငံအကြား နောက်ထပ်အကြောင်းအရာ တစ်ခုမှာ ကူးသန်းရောင်းဝယ်ရေး ဖြစ်လာမည်ဖြစ်ပြီး ထရန့်က သူသည် မွန်းနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ရန်ရှိကြောင်း ပြောကြားခဲ့သည်။ ထိတ်လန့်စရာကောင်းပြီး အလုပ်အကိုင် ဆုံးရှုံးစေသည့် သဘောတူညီချက်ဟု ထရန့်က ရည်ညွှန်းထားသော သက်တမ်းငါးနှစ် ကြာမြင့်လာပြီဖြစ်သည့် အမေရိကန်- တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းရန် ထရန့်က တောင်းဆိုမှုကြောင့် တောင်ကိုရီးယားက အံ့သြတုန်လှုပ်ခဲ့သည်။ ထရန့်သည် နိုဝင်ဘာ ၈ ရက်တွင် တောင်ကိုရီးယား လွှတ်တော်အမတ်များအား စကားပြောမည် ဖြစ်သော်လည်း ကိုရီးယားစစ်မဲ့ဇုန်သို့ သွားရောက်မည် မဟုတ်ပေ။

Ref : AFP

November 7, 2017














Copy Protected by Chetan's WP-Copyprotect.