အဖော်ယောက်ျားများကို သတ်ခဲ့သည့် ဂျပန်မှ အမျိုးသမီးကြီး သေဒဏ်ချမှတ်ခံရ

အဖော်ယောက်ျားများကို သတ်ခဲ့သည့် ဂျပန်မှ အမျိုးသမီးကြီး သေဒဏ်ချမှတ်ခံရ
Published 8 November 2017

၂၀၁၄ ခုနှစ် မတ် ၁၃ ရက်က ကျိုတိုခရိုင် တရားရုံးသို့ ရောက်ရှိလာသော ဂျပန်အမျိုးသမီး ကာကီဟီ (Photo : AFP)

အနက်ရောင် မုဆိုးမဟု ခေါ်ဆိုကြသည့်  တစ်ချိန်က သန်းကြွယ်သူဌေး ဖြစ်ခဲ့ဖူးသော အမျိုးသမီးကို ဂျပန်တရားရုံးက နိုဝင်ဘာ ၇ ရက်တွင် သေဒဏ်ချမှတ်ခဲ့သည်။ ထိုအမျိုးသမီးသည် ၎င်း၏သက်ကြီးရွယ်အို ချစ်သူများကို ဆိုင်ရာနိုက် အဆိပ်အား လှည့်စားပြီး တိုက်ခဲ့ကာ သန်းနှင့်ချီရှိသော အာမခံကြေးများ၊ အမွေများကို ယူခဲ့သူဖြစ်သည်။

ဂျပန်တစ်နိုင်ငံလုံးကို စိတ်ဝင်စားစေခဲ့သည့် ထိုအမှုအတွင် အသက် ၇၀ အရွယ်ချီ ဆာကိုကာကီဟီကို ခင်ပွန်းတစ်ဦး အပါအဝင် အမျိုးသားသုံးဦးကို သတ်ခဲ့မှု၊ အခြားတစ်ဦးကိုသတ်ရန် ကြိုးပမ်းခဲ့မှုတို့ဖြင့် ကျိုတိုခရိုင် တရားရုံးက ကြိုးမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကာကီဟီသည် ၎င်းနှင့်ပတ်သက်ခဲ့သည့် သက်ကြီးရွယ်အို အမျိုးသားများကို ဇီဝိန်ခြွေရန် ဆိုင်ရာနိုက် အဆိပ်ကို အသုံးပြုခဲ့မှုဖြင့် နာမည်ကျော်သူ ဖြစ်သည်။ ထို့ကြောင့် ကာကီဟီအား မိတ်လိုက်ပြီးနောက် အဖော်ကို သတ်ပစ်လေ့ရှိသည့် အနက်ရောင် မုဆိုးမဟုခေါ်သော ပင့်ကူနှင့် နှိုင်းယှဉ် ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ကာကီဟီသည် စိတ်ဖောက်ပြန်မှုကို ခံစားနေရသည့်အတွက် ရာဇဝတ်မှုမမြောက်ဟု ၎င်းရှေ့နေများ၏ လျှောက်လဲချက်ကို တရားသူကြီးက လက်မခံခဲ့ပေ။ ကာကီဟီသည် ၎င်းအတွက် ဒေါ်လာသန်းနှင့်ချီ တန်ဖိုးရှိသော အသက်အာမခံ အကျိုးခံစားခွင့်များကို ရပြီးနောက်မှ ထိုအမျိုးသားများကို သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၁၀ နှစ်ကျော်ကြာ ကာလအတွင်း ကာကီဟီသည် ယန်းတစ်ဘီလျံ (ဒေါ်လာ ၈ ဒသမ ၈ သန်း) ရရှိခဲ့သည်ဟု သိရသည်။ သို့သော် ထိုငွေများအနက် အများစုသည် အောင်မြင်မှုမရှိသည့် ဘဏ္ဍာရေး ကုန်သွယ်မှုမှတစ်ဆင့် ပြန်လည်ဆုံးရှုံး ခဲ့ရသည်။ ကာကီဟီသည် အောင်သွယ်အေဂျင်စီများမှ တစ်ဆင့် အမျိုးသားများစွာနှင့် ပတ်သက်မှု ရှိခဲ့သူဖြစ်ပြီး ၎င်းတို့အနက် အများစုမှာ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး မကောင်းသူများ ဖြစ်ကြသည်။ ထို့ပြင် ကာကီဟီက ၎င်းနှင့် တွေ့မည့်သူများသည် ကြွယ်ဝကာ သားသမီး မရှိသူ ဖြစ်သင့်သည်ဟု ထိုအေဂျင်စီထံ စည်းမျဉ်းသတ်မှတ်ထားသည်။

ထိုအမှုကို ဇွန်လက စတင်ကြားနား စစ်ဆေးခဲ့စဉ်က ကာကီဟီသည် အစောပိုင်းတွင် စကားပြောရန် ငြင်းဆန်ခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ်က ၎င်း၏စတုတ္ထမြောက် ခင်ပွန်းအား သတ်ခဲ့သည်ဟု နောက်ပိုင်းတွင် ဝန်ခံလိုက်ခြင်းဖြင့် တရားရုံးသို့ အံအားသင့်စေခဲ့သည်။

“ကျွန်မသူ့ကို သတ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ အခြားမိန်းမတွေကို ယန်းသန်းနဲ့ချီပေးပေမဲ့ ကျွန်မကိုတော့ တစ်ပြားတောင် မပေးပါဘူး” ဟု၎င်းက တရားရုံးသို့ ပြောခဲ့သည်။

“မနက်ဖြန် အသတ်ခံရမယ် ဆိုရင်တောင် ကျွန်မက ပြုံးပြုံးလေး သေသွားမှာပါ” ဟု ကာကီဟီက ဆိုခဲ့သည်။ သို့သော် ၎င်း၏ရှေ့နေများက တရားရုံးချုပ်သို့ အယူခံဝင်ရန် ပြင်ဆင်နေကြသည်။

Ref : AFP

Most Read

Most Recent