အာရှတွင် ဖိလစ်ပိုင်က HIV ကူးစက်မှုနှုန်းအမြန်ဆုံးနိုင်ငံဖြစ်ဟု ကုလသမဂ္ဂ ပြောကြား

အာရှတွင် ဖိလစ်ပိုင်က HIV ကူးစက်မှုနှုန်းအမြန်ဆုံးနိုင်ငံဖြစ်ဟု ကုလသမဂ္ဂ ပြောကြား
Published 2 August 2017

photo - AFP

အာရှတွင် ဖိလစ်ပိုင်က HIV ပိုးကူးစက်မှုနှုန်း အမြန်ဆုံးနိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂနှင့် ဖိလစ်ပိုင်အစိုးရက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ အာရှ-ပစိဖိတ်ဒေသတွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အကြားကာလအတွင်း HIV ပိုးကူးစက်မှုသစ်သည် ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဖိလစ်ပိုင်တွင်မူ အလားတူကာလ၌ ရာခိုင်နှုန်း ၁၄၀ မြင့်တက်ခဲ့ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြခဲ့သည်။ ဖိလစ်ပိုင်တွင် စာရင်းဖော်ပြသော HIV ကူးစက်မှု ၁၀ ခုတွင် ရှစ်ခုသည် အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှု (MSM) ဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာန၏ ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာဗျူရိုမှ Genesis Samonte က ပြောကြားခဲ့သည်။ အလွန်ငယ်ရွယ်သည့်အချိန်ကပင် အန္တရာယ် ဖြစ်စေသောအပြုအမူများ စတင်ခဲ့ကြကြောင်း၊MSM အုပ်စုသည် ကွန်ဒုံးသုံးခြင်း သို့မဟုတ် HIV ရှိ၊ မရှိ ဆေးစစ်ခြင်း မပြုလုပ်မီကာလဖြစ်သော ပျမ်းမျှအားဖြင့် အသက် ၁၆ နှစ် အရွယ်တွင် လိင်စတင်ဆက်ဆံခြင်း လုပ်ဆောင်ခဲ့သဖြင့် HIV ကူးစက်ခံရသည့်အန္တရာယ် မြင့်တက်စေခဲ့ကြောင်း Samonte က ပြောကြားခဲ့သည်။ MSM အုပ်စု၏ ၃၅ ရာ ခိုင်နှုန်းကသာ HIV ကူးစက်မှုနှင့် ကြိုတင်ကာကွယ်မှုဆိုင်ရာ အသိပညာများရှိကြောင်း၊ အင်တာနက်နှင့် ဆဲလ်ဖုန်းအသုံးပြုမှု မြင့်တက်လာခြင်းကလည်း လူငယ်များက လိင်ဆက်ဆံဖော်ပိုမိုထားရှိရန် အခွင့်အလမ်းသာစေပြီး HIV ကူးစက်ခံရနိုင်သည့် အန္တရာယ်ကို ပိုမိုမြင့်တက်စေသည့် အထောက်အထားများဖြစ်ကြောင်း Samonte က ဆိုခဲ့သည်။ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းတို့တွင် အစိုးရက ရင်းနှီးမြှုပ်နှံမှုမလုပ်ပါက HIV ကူးစက်မှုများသည် ပိုမိုမြင့်တက်လာပြီး ဖိလစ်ပိုင်ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ပိုမိုဝန်ပိစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent