အမေရိကန်က တောင်ကိုရီးယားသို့ အသံထက်မြန်သော ဗုံးကြဲလေယာဉ်များကို စေလွှတ်ပျံသန်း

အမေရိကန်က တောင်ကိုရီးယားသို့ အသံထက်မြန်သော ဗုံးကြဲလေယာဉ်များကို စေလွှတ်ပျံသန်း
Published 4 November 2017

ဇူလိုင် ၃၀ ရက်က အမေရိကန်လေတပ်မှ ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတွင် ကိုရီးယားကျွန်းဆွယ်ပေါ်၌ လေ့ကျင့်ပျံသန်းမှုတွင် ပါဝင်နေသည့် အမေရိကန်၏ B-1 B Lancer ဗုံးကြဲလေယာဉ် တစ်စင်း (အပေါ်ဆုံး)နှင့် တောင်ကိုရီးယား၏ F-15 တိုက်လေယာဉ် နှစ်စင်းကို တွေ့ရစဉ် (Photo: AFP)

အမေရိကန် ဗုံးကြဲလေယာဉ်များသည် ဂျပန်နှင့် တောင်ကိုရီးယား စစ်လေယာဉ်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် နိုဝင်ဘာ ၂ ရက်က ကိုရီးယား ကျွန်းဆွယ်ပေါ်သို့ ပျံသန်းခဲ့ကြသည်ဟု အမေရိကန် လေတပ်က ထုတ်ပြန်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တောင်ကိုရီးယားသို့ ရောက်မလာမီ ရက်အနည်းငယ် အလိုတွင် ယခုပျံသန်းမှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ကိုရီးယား ကျွန်းဆွယ်ပေါ်သို့ B-1 B Lancer ဗုံးကြဲလေယာဉ်ကြီးများ ဖြတ်၍ပျံသန်းတိုင်း မြောက်ကိုရီးယားမှာ ဒေါသူပုန်ထလေ့ရှိပြီး နိုဝင်ဘာ ၃ ရက် အစောပိုင်းကလည်း မြောက်ကိုရီးယားက ယင်းစစ်ရေးပြမှုသည် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။

ဂူအမ်ကျွန်းရှိ အန်ဒါဆင် လေတပ်အခြေစိုက်စခန်းမှ ထွက်ခွာသွားသော B-1 B လေယာဉ်နှစ်စင်းသည် ဂျပန်အနောက်ပိုင်းမှ ထွက်လာသော ဂျပန်လေကြောင်းခုခံကာကွယ်ရေး တိုက်လေယာဉ်များနှင့် ပူးပေါင်းခဲ့သည်ဟု အမေရိကန်ပစိဖိတ် လေတပ်စခန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ထို့နောက် အမေရိကန် ဗုံးကြဲလေယာဉ်များသည် တောင်ကိုရီးယား တိုက်လေယာဉ်များနှင့် ပင်လယ်ဝါပေါ်တွင် ပေါင်းဆုံရန် တောင်ကိုရီးယား၌ တစ်ထောက်နားခဲ့ကြပြီး ယင်းနောက်တွင် လေယာဉ်များသည် သက်ဆိုင်ရာ စခန်းအသီးသီးသို့ ပြန်သွားကြသည်ဟု သိရသည်။

ယခု ပူးတွဲစစ်ရေးလေ့ကျင်မှုသည် ပစိဖိတ်ဒေသတွင် ဗုံးကြဲလေယာဉ်တို့ အဆက်မပြတ် တည်ရှိရေး မစ်ရှင်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး မည်သည့် လက်ရှိအဖြစ်အပျက်ကိုမျှ တုံ့ပြန်သည့် အနေဖြင့် လုပ်ဆောင်ခြင်း မဟုတ်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၀ ရက်ကလည်း Lancer လေယာဉ်နှစ်စင်းသည် ဂျပန်နှင့် တောင်ကိုရီးယား လေယာဉ်တို့နှင့် ပထမဆုံးအကြိမ် ညအချိန် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့သေးသည်။

မြောက်ကိုရီးယားတို့က B1-B လေယာဉ် ပျံသန်းမှုကို တိုက်ခိုက်ရန် ကြိုတင်လေ့ကျင့်မှုဟု ပြစ်တင်လေ့ရှိသည်။ “ကိုရီးယားကျွန်းဆွယ် အခြေအနေတွေကို ပိုမို ဆိုးရွားစေပြီး နျူကလီးယားစစ်ပွဲ စတင်စေဖို့ ကြိုးပမ်းနေသူဟာ အမေရိကန်နယ်ချဲ့တွေရဲ့ လူဆိုးဂိုဏ်းပဲ ဖြစ်တယ်ဆိုတာကို လက်ရှိ အခြေအနေက ရှင်းရှင်းလင်းလင်း ပြသနေပါတယ်” ဟု နိုဝင်ဘာ ၃ ရက်က အစိုးရသတင်းအေဂျင်စီ KCNA တွင် ဖော်ပြခဲ့သည်။

ထရန့်သည် ၎င်း၏ အာရှခရီးစဉ်ကို နိုဝင်ဘာ ၃ ရက်က စတင်ခဲ့ပြီး ယင်းခရီးစဉ် တစ်လျှောက်လုံး မြောက်ကိုရီးယားအရေးက လွှမ်းမိုးနေဖွယ် ရှိသည်။ ထိုခရီးစဉ်အတွင်း ထရန့်သည် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့သို့ သွားမည်ဖြစ်သည်။ ခရီးစဉ်အတွင်း ထရန့် ပြောကြားမှုများသည် ဒုံးကျည်စမ်းသပ်မှုကဲ့သို့ မြောက်ကိုရီးယားဘက်က ရန်စသည့် အပြုအမူတစ်ခု လုပ်ဆောင်ပါက အားလျော့သွားဖွယ် ရှိနေသည်။

တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီ၏ နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားသည် နောက်ထပ် ဒုံးကျည်စမ်းသပ်မှု တစ်ခုအတွက် ပြင်ဆင်နေဖွယ် ရှိသည်ဟု သိရသည်။ “ပြုံယမ်းမှာရှိတဲ့ ဒုံးကျည်သုတေသနဌာန တစ်ခုမှာ ယာဉ်အသွားအလာတွေ များနေတာကို စုံစမ်းမိပါတယ်” ဟု အမျိုးသားထောက်လှမ်းဌာနက ပါလီမန်တံခါးဆွေးနွေးမှုတွင် ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနတွင် ဖော်ပြခဲ့သည်။

ထရန့်၏ အမျိုးသားလုံခြုံရေး အကြံaပးဖြစ်သူ အိတ်ချ်အာမက်မစ်စတာက အမေရိကန် အစိုးရ၏ အဓိက ကြိုးပမ်းအားထုတ်မှုမှာ သံတမန်ရေး ဖြစ်သည်ဟု တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းကလည်း တောင်ကိုရီးယား အစိုးရ၏ ခွင့်ပြုချက် မရှိဘဲ ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးအရ အရေးယူမှု ရှိလာမည် မဟုတ်ဟု အခိုင်အမာ ပြောကြားထားသည်။

Ref: AFP

Most Recent