ဒေဝါလီခံသွားသော ရုရှားကုမ္ပဏီ၏ လေယာဉ်များသည် အမေရိကန်သမ္မတစီးမည့် Air Force One ဖြစ်လာဖွယ်ရှိ

ဒေဝါလီခံသွားသော ရုရှားကုမ္ပဏီ၏ လေယာဉ်များသည် အမေရိကန်သမ္မတစီးမည့် Air Force One ဖြစ်လာဖွယ်ရှိ
Published 2 August 2017

 

ဇူလိုင် ၂၅ ရက်က အိုဟိုင်းယိုးပြည်နယ်ရှိ လေဆိပ်သို့ Air Force One ဖြင့်ရောက်ရှိလာသည့် အမေရိကန်သမ္မတထရန့်နှင့် ဇနီး

ဒေဝါလီခံသွားသော ရုရှားလေကြောင်းလိုင်းက စွန့်လွှတ်လိုက်သည့်အတွက် ကာလရှည်ကြာစွာ ချောင်ထိုးထားရသောဘိုရင်း 747 လေယာဉ်နှစ်စင်းကို အမေရိကန်လေတပ်က ဝယ်ယူဖွယ်ရှိပြီး ယင်းတို့ကိုသမ္မတ စီးနင်းသည့် Air Force One လေယာဉ်အဖြစ် ပြောင်းလဲနိုင်ကြောင်း သတင်းရင်းမြစ်တစ်ခုက သြဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုလေယာဉ်နှစ်စင်းကို ဝယ်ယူဖြစ်ပါက အမေရိကန်လေတပ်အတွက် ဒေါ်လာသန်းနှင့်ချီပြီး အကုန်အကျသက်သာသွားမည် ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မဲဆွယ်စည်းရုံးစဉ်က Air Force One လေယာဉ်အစားထိုး ပြောင်းလဲမှုစရိတ် ကြီးမြင့်ရခြင်းသည် အဓိပ္ပာယ်မရှိဟု ပြောခဲ့ပြီးနောက် ယခုကိစ္စထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ယင်းကိစ္စနှင့်ရင်းနှီးသော အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ ဘိုရင်းလေယာဉ်ကုမ္ပဏီသည် 747 - 8 ခရီးသည် တင်ဂျက်လေယာဉ်နှစ်စင်းကို အမေရိကန်လေတပ်သို့ ရောင်းချရန် စီစဉ်နေပြီဟု သိရသည်။

Air Force One လေယာဉ်သည် အမှန်တကယ်တွင် နှစ်စင်းရှိပြီး တစ်စင်းမှာ သမ္မတအတွက်ဖြစ်ပြီး တစ်စင်းမှာ အရန် လေယာဉ် ဖြစ်သည်။

ရုရှားလေကြောင်းလိုင်း Transaero သည် ထိုလေယာဉ်များကို ၂၀၁၃ ခုနှစ်က မှာယူခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဒေဝါလီခံသွားရသည်။ “ 747-8 လေယာဉ်နှစ်စင်းကို အမေရိကန်လေတပ်ကို ရောင်းချဖို့ သဘောတူညီချက်အတွက် ကျွန်တော်တို့လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ သင့်တော်တဲ့ ဈေးနှုန်းဖြစ်ဖို့ကို အလေးထားနေတာ ဖြစ်ပါတယ်” ဟု ဘိုရင်းက ထုတ်ပြန်ခဲ့သည်။ အပြီးသတ်သဘောတူညီချက်ကို လာမည့် သီတင်းပတ်များအတွင်း ကြေညာနိုင်ဖွယ်ရှိသည်။

ယခုသတင်းနှင့်ပတ်သက်၍ ပထမဆုံးဖော်ပြခဲ့သော Defense One သတင်းဌာန၌ Transaero လေကြောင်းလိုင်းသည် ဒေဝါလီမခံမီက ဘိုရင်းဂျက်လေယာဉ် လေးစင်းကို မှာခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထိုလေးစင်းထဲမှ စမ်းသပ်ပျံသန်းမှုပြုလုပ်ပြီးသား နှစ်စင်းကို Southern Calfornia Logistics လေဆိပ်တွင် သိမ်းဆည်းထားခဲ့သည်။ ထိုနေရာ၏ ရာသီဥတုသည် ပူပြင်းခြောက်သွေ့သဖြင့် လေယာဉ်များတွင် သံချေးတက်ခြင်း မရှိခဲ့ပေ။

ထို 747 -8 လေယာဉ်နှစ်စင်းကို ၂၀၂၂ ခုနှစ်တွင် Air Force One အဖြစ် ပြောင်းလဲရန် ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၃ ဒသမ ၂ ဘီလျံရှိမည် ဖြစ်သည်။ ဘိုရင်းသည် ထိုလေယာဉ်တစ်စင်းလျှင် ဒေါ်လာသန်း ၃၉၀ ဖြင့် ရောင်းချမည်ဖြစ်သော်လည်းကာ ကွယ်ရေးနည်းပညာများ၊ အတွင်းပိုင်း ပြင်ဆင်မှုများအပါအဝင် အခြားအဆင့်မြှင့်မှုများကြောင့် စရိတ်သည် မြောက်မြားစွာ တက်သွားဦးမည်ဖြစ်သည်။

Ref ; AFB

Most Read

Most Recent