ဂျပန်က ခိုလှုံခွင့်တောင်းခံသူများအား တင်းကျပ်သွားမည်ဟု ယိုမီယူရီသတင်းစာက ဖော်ပြ

ဂျပန်က ခိုလှုံခွင့်တောင်းခံသူများအား တင်းကျပ်သွားမည်ဟု ယိုမီယူရီသတင်းစာက ဖော်ပြ
Published 1 November 2017

စက်တင်ဘာ ၁၃ ရက်က တိုကျိုရှိ United Nations University ရှေ့တွင် ဘင်္ဂါလီအရေးအား ဆန္ဒပြနေကြသော မြန်မာများကို တွေ့ရစဉ် (Photo: AP)

ဂျပန်သည် ခိုလှုံခွင့်တောင်းခံလာသူများ၏ အလုပ်လုပ်ခွင့်အား ထိန်းချုပ်ရန်၊ ဒုက္ခသည်များဟု ယူဆရခြင်းမခံရသူူများ သို့မဟုတ် လျှောက်လွှာမျိုးစုံ ပြုလုပ်သူများအား ထိန်းသိမ်းရန် လုပ်ဆောင်သွားမည်ဟု ယိုမီယူရီ နေ့စဉ်သတင်းစာက အောက်တိုဘာ ၃၁ ရက်တွင် ဖော်ပြခဲ့ရာ ကမ္ဘာပေါ်တွင် ဒုက္ခသည်များအား အတင်းကျပ်ဆုံးစနစ်ရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံ ဂျပန်တွင် ထပ်မံတင်းကျပ်ရန် စီစဉ်မှုဖြစ်သည်။

အစောဆုံးအနေဖြင့် လာမည့်နိုဝင်ဘာလလယ်မှစ၍ ဂျပန်သည် စစ်မှန်သောဒုက္ခသည်များဟု ယူဆရသူများကိုသာ အလုပ်လုပ်ခွင့် ပြုတော့မည်ဖြစ်သည်။ ယင်းစည်းမျဉ်းသစ်သည် ဒုက္ခသည်အဖြစ် သတ်မှတ်ချက် မပြည့်သည့် တစ်နှစ်လျှင် ဝင်ရောက်ရန် ကြိုးပမ်းသည့် ခိုလှုံခွင့်တောင်းခံသူ ၁၀၀၀၀ ကျော်အား အလုပ်လုပ်ခွင့် ငြင်းပယ်ရန် သက်ရောက်မှုရှိမည်ဖြစ်သည်ဟု တရားရေးဝန်ကြီးဌာနက ခန့်မှန်းခဲ့ကြောင်း ယိုမီယူရီက သတင်းရင်းမြစ်များအား မရည်ညွှန်းဘဲ ဖော်ပြခဲ့သည်။ အစောပိုင်းစစ်ဆေးမှုများတွင် ဒုက္ခသည်များအဖြစ် သတ်မှတ်ချက်မပြည့်မီသူများနှင့် ခိုလှုံခွင့်လျှောက်ထားမှုမျိုးစုံရှိသူများ အပါအဝင် တချို့အား ဂျပန်တွင် နေထိုင်ခွင့်သက်တမ်းကျော်လွန်ပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းသွားမည်ဖြစ်သည်။

လတ်တလောစနစ်အရ ခိုင်လုံသော ဗီဇာများဖြင့် ခိုလှုံခွင့်လျှောက်ထားသူများသည် ၎င်းတို့၏ ဒုက္ခသည်လျှောက်ထားမှုအား ပြန်လည်သုံးသပ်နေချိန်၌ ဂျပန်တွင် ဗီဇာသက်တမ်းတိုး၍ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည်။ ယင်းစနစ်ကြောင့် ခိုလှုံခွင့် တောင်းခံသူများအား အလုပ်လုပ်ရန် လှုံ့ဆော်ပေးကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ယိုမီယူရီတွင် ဖော်ပြခဲ့သော သတင်းအပါအဝင် ၎င်းတို့သည် မူဝါဒများအား သုံးသပ်နေကြောင်း၊ သို့သော် ယင်းအား လုပ်ဆောင်မှု ရှိ၊ မရှိကို မဆုံးဖြတ်ရသေးကြောင်း ဒုက္ခသည်သတ်မှတ်ခြင်းအား ကြီးကြပ်ရသည့် တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ယာဆူဟီရိုဟီရှီဒါက ပြောကြားခဲ့သည်။

ဂျပန်သည် ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်တွင် ခိုလှုံခွင့်လျှောက်ထားသူ စံချိန်တင် ၈၅၆၁ ဦးအထိ ရှိခဲ့သော်လည်း သုံးဦးကိုသာ ဒုက္ခသည်အဖြစ် လက်ခံထားသည်။ ၂၀၁၆ ခုနှစ်တွင်မူ ၂၈ ဦးသာ လက်ခံခဲ့သည်။ ခိုလှုံခွင့်တောင်းခံသူများအား ဂျပန်၏ လက်ခံမှုစံချိန်သည် အလွန်ဆိုးရွားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြီးခဲ့သော ဇန်နဝါရီတွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့စီးပွားရေး တတိယအင်အားအကြီးဆုံး ဂျပန်တွင် ဆယ်စုနှစ်လေးခုအတွင်း လူဦးရေကျုံ့ခြင်းနှင့် သက်ကြီးရွယ်အိုအရေအတွက် အလွန်အမင်း မြင့်တက်ခြင်းတို့ ကြောင့် အလုပ်သမားထု ရှားပါးခြင်းအား ပိုမိုဆိုးရွားစေခဲ့ပြီး ယခင်ကတည်းက စီးပွား ရေးတိုးတက်မှု အရှိန်နှေးနေခြင်းအား အတောမသတ်ဖြစ်စေခဲ့သည်။

ဂျပန်သည် အခြားဖွံ့ဖြိုးပြီး နိုင်ငံများ နှင့်မတူဘဲ ပြည်ပအလုပ်သမားများနှင့် ဒုက္ခသည်များအား လက်ခံရန် အလွန်အမင်းတွန့်ဆုတ်ခဲ့ပြီး ယင်းအတွက်ကြောင့် ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်ရေး အပါအဝင် အလုပ်သမားလိုအပ်ချက် အလွန်အမင်းမြင့်မားသည့် ကဏ္ဍများအတွက် အလုပ်လုပ်ခွင့် ပေးထားရသည့် ခိုလှုံခွင့်တောင်းခံသူများကို မှီခိုနေရသည်။ လူမျိုး၊ ဘာသာရေးနှင့် တိုင်းရင်းသားများ မျိုးစုံခြင်းသည် ၎င်းတို့ နိုင်ငံအား ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ဂျပန် ၁၀ ဦးလျှင် ခြောက်ဦးနီးပါးက ယူဆခဲ့ဟု Pew သုတေသနစင်တာက ယခုလစစ်တမ်း၌ ဖော်ပြခဲ့သည်။

 

 

Most Read

Most Recent