အင်ဒိုနီးရှား၌ ဒေါ်လာသန်း ၄၅၀  ငွေကြေးလိမ်လည်မှုဖြင့် တရုတ် ၁၅၃ ဦးကို နေရပ်သို့ ပြန်ပို့

အင်ဒိုနီးရှား၌ ဒေါ်လာသန်း ၄၅၀  ငွေကြေးလိမ်လည်မှုဖြင့် တရုတ် ၁၅၃ ဦးကို နေရပ်သို့ ပြန်ပို့
Published 1 August 2017

အင်ဒိုနီးရှားနိုင်ငံမှနေ၍ တရုတ်နိုင်ငံ ထဲရှိချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများကို ပစ်မှတ်ထားသည့် ဒေါ်လာသန်းနှင့်ချီ တန်ဖိုးရှိသော ဆိုက်ဘာလိမ်လည်မှုကြီးထဲတွင် ပါဝင်မှုဖြင့် တရုတ်နိုင်ငံသား ၁၅၃ ဦးကို နေရပ်သို့ ပြန် ပို့လိုက်သည်ဟု ရဲတပ်ဖွဲ့က  သြဂုတ် ၁ ရက် တွင် ပြောကြားခဲ့သည်။

ထိုဂိုဏ်းသည် တရုတ်အာဏာပိုင်များ၏ စုံစမ်းခြင်းကို ရှောင်ရှားရန်အတွက် ပြည်ပတွင်နေထိုင်ကာ လုပ်ကိုင်နေခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံထဲမှ မည်သူ့ကိုမှ ပစ်မှတ်ထားခဲ့ခြင်းမရှိပေ။

၎င်းတို့သည်  ဆိုက်ဘာလိမ်လည်မှု လုပ်ငန်း စတင်သည့် ၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းမှစ၍ ရူပီး ခြောက်ထရီလျံ (ဒေါ်လာ ၄၅၀ သန်း) ကို ရရှိ ခဲ့ပြီးပြီဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ တရုတ်အာဏာပိုင်များ၏ သတင်းပေးမှုကြောင့် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်နေပြီး သူတို့ကိုနေရပ် ပြန်ပို့ဖို့အတွက် တရုတ်ရဲတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု အမျိုးသားရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ရစ်ဝန်တိုက ဆိုသည်။

ထိုဂိုဏ်းသည် တရုတ်ရဲများ သို့မဟုတ် ဥပဒေအရာရှိများအဖြစ် ဟန်ဆောင်ကာ လိမ်ညာမည့်သူများထံ ဖုန်းဆက်၍ ငွေ ချက်ချင်းလွှဲပေးမည်ဆိုပါက ၎င်းတို့ ရင်ဆိုင်နေရသည့် တရားရေးဆိုင်ရာ ကိစ္စများကို ကူညီဖြေရှင်းပေးမည်ဟု ပြောကြားကြခြင်း ဖြစ်သည်။

ယင်းအဖွဲ့သည် ၎င်းတို့က လိမ်ညာမည့်သူ၏ အချက်အလက်များကို စုဆောင်းပြီး ထိုလူများကို ဆက်သွယ်ရန် ဆက်သွယ်ရေးစနစ်များ တည်ထောင်ကြသည်။

ပြီးခဲ့သည့် နှစ်များကတည်းက အရှေ့တောင်အာရှနိုင်ငံများမှနေ၍ တရုတ်နိုင်ငံထဲမှ လူများကို လှမ်း၍ပစ်မှတ်ထားသော ဆိုက်ဘာလိမ်လည်မှုများ မြင့်တက်လာခဲ့သည်။

Ref: AFP

 

Most Read

Most Recent