အမျိုးသမီးများတွင် သွားဖုံးရောဂါနှင့်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားမှု ဆက်စပ်နေ

အမျိုးသမီးများတွင် သွားဖုံးရောဂါနှင့်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားမှု ဆက်စပ်နေ
Published 1 August 2017

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ကယ်လီဖိုးနီးယားတွင် Care Harbor ပရဟိတအဖွဲ့မှ ဆရာဝန်က  အမျိုးသမီးတစ်ဦး၏ သွားများအား စစ်ဆေးနေစဉ် (Photo: AFP)

သွားဖုံးရောဂါဖြစ်ပွားသည့် မှတ်တမ်းရှိသည့် အမျိုးသမီးများသည် ကင်ဆာရောဂါ အမျိုးအစားမျိုးစုံ အထူးသဖြင့် ရင်သား နှင့် အစာပြွန်တွင် အကျိတ်ဖြစ်နိုင်ခြေမြင့်မားမှုနှင့် ရင်ဆိုင်နေရသည်ဟု သြဂုတ် ၁ ရက်က ဖော်ပြခဲ့သည့် အမေရိကန်လေ့လာမှု တစ်ခု၌ ဖော်ပြထားသည်။

“သွားဖုံးရောဂါမှတ်တမ်း ရှိသူတစ်ဦးဟာ ဘယ်ကင်ဆာရောဂါမဆို ဖြစ်ပွားနိုင်တဲ့ ၁၄ ရာခိုင်နှုန်း မြင့်မားမှုနဲ့ ဆက်စပ်နေတယ်” ဟု အမေရိကန်ကင်ဆာသုတေသန အသင်း၏ ဂျာနယ် Cancer Epidemiology, Biomarkers and Prevention တွင် ဖော်ပြခဲ့သည်။

သွားဖုံးရောဂါဖြစ်ပွားသည့် အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် အစာပြွန်ကင်ဆာ ဖြစ်ပွားနိုင်ခြေ သုံးဆကျော် မြင့်မားသည်ဟု ယင်းလေ့လာမှုကဆိုသည်။ အဆုတ်ကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ၊ အရေပြားကင်ဆာနှင့် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ သိသိသာသာ မြင့်မားမှုကိုလည်း သုတေသီများက ရှာဖွေတွေ့ရှိခဲ့သည်။

ယင်းလေ့လာမှုကို ၁၉၉၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့ပြီး  သွေးဆုံးပြီး အမျိုးသမီး ၆၅,၀၀၀ ကျော်က ကျန်းမာရေး နှင့် ဆက်စပ်သည့်စစ်တမ်းကို ပါဝင်ဖြေဆိုခဲ့သည်။ ယခင်သုတေသနတွင်  သွားဖုံးရောဂါဖြစ်ပွားသည့် လူများတွင် သေချာသည့် ကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်မားမှုနှင့် ရင်ဆိုင်နေရသည်ဟု ဖော်ပြခဲ့သည်။

ယင်းသည် အမျိုးသမီးများအထူးသဖြင့် သက်ကြီးရွယ်အိုများကို အဓိကထားခဲ့သည့် ပထမဆုံးနိုင်ငံတစ်ဝန်းလေ့လာမှုဟု  ယင်းလေ့လာမှုတွင် ပါဝင်သည့် ဘတ်ဖလို မြို့ နယူးယောက်တက္ကသိုလ်ရှိ ပြည်သူ့ကျန်း မာရေးဌာန၏ ဌာနမှူး  Jean WactawskiWende က ပြောကြားခဲ့သည်။

 

Ref: AFP

Most Recent