အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားတွင် စစ်သွေးကြွ ခေါင်းဆောင်တစ်ဦးအား အစိုးရတပ်များက ချေမှုန်းနိုင်ခဲ့

အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားတွင် စစ်သွေးကြွ ခေါင်းဆောင်တစ်ဦးအား အစိုးရတပ်များက ချေမှုန်းနိုင်ခဲ့
Published 1 August 2017

ဇူလိုင် ၂၈ ရက်က ဆရင်နာဂါမြို့တွင် ပိတ်ထားသော ဆိုင်တစ်ဆိုင်ရှေ့၌ ထိုင်နေသော မိန်းကလေးငယ် တစ်ဦးနှင့် စောင့်ကြပ်နေသော အိန္ဒိယပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦးတို့ကို တွေ့ရစဉ်

အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသတွင် သြဂုတ် ၁ ရက်က စီးနင်းခဲ့မှုအတွင်း အိန္ဒိယတပ်ဖွဲ့ဝင်များက ပါကစ္စတန်အခြေစိုက် လက်ရှ်ကာအီတိုင်ဘာ (LeT) စစ်သွေးကြွအဖွဲ့၏ ထိပ်တန်းတပ်မှူးတစ်ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။ အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားဒေသ အခြမ်းတွင် လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်နေသော အဓိက စစ်သွေးကြွတစ်ဦး ဖြစ်သည်ဟု ယူဆခံထားရသည့် အဘူဒူဂျနာသည် အရုဏ်မတိုင်မီ စီးနင်းမှုအတွင်း နေအိမ်တစ်လုံးတွင် ပိတ်မိနေခဲ့ပြီး လက်ထောက် တစ်ဦးနှင့်အတူ နှိမ်နင်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေရာသို့ ချီတက်ရန် ကြိုးစားခဲ့သော ရာနှင့်ချီသည့် ရွာသားများအား အစိုးရတပ်ဖွဲ့များက မျက်ရည်ယိုဓာတ်ငွေ့နှင့် ရော်ဘာကျည်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အခြားလူ ၂၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။ အဘူဒူဂျနာနှင့် လက်ထောက်တစ်ဦးတို့သည် နေအိမ်တစ်လုံးထဲတွင် ရောက်ရှိနေကြောင်း သတင်းပေးမှု ရရှိခဲ့ပြီးနောက် ကက်ရှ်မီးယားမြို့တော် ဆရင်နာဂါတောင်ဘက် ဟာကီပိုရာရွာကို အိန္ဒိယသောင်းကျန်းသူ နှိမ်နင်းရေး အထူးတပ်ဖွဲ့များက ဝိုင်းရံခဲ့ကြောင်း၊ ယင်းနောက် ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

LeT စစ်သွေးကြွအဖွဲ့တပ်မှူး အဘူဒူဂျနာနှင့် ၎င်း၏လက်ထောက် တစ်ဦးတို့သည် ဟာကီပိုရာပူဝါမာတွင် ချေမှုန်းခံခဲ့ရပြီး ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များအတွက် ကြီးမားသော အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စစ်သွေးကြွများက ပြန်လည်ပစ်ခတ်ခဲ့သည်ဆိုသော နေအိမ်နှစ်လုံးအနက် တစ်လုံးကို စစ်သားများက မီးရှို့ပစ်ခဲ့ပြီး နောက်ထပ်တစ်လုံးကို ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖျက်ဆီးပစ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ဒူဂျနာ၏ လက်ထောက်မှာ ဆယ်ကျော်သက် ဒေသဆိုင်ရာ သူပုန်တစ်ဦး ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့၏ အလောင်းများသည် မည်သူမည်ဝါမှန်း ဖော်ထုတ်နိုင်ရန် အလွန်အမင်း ခက်ခဲသည်အထိ မီးလောင်ကျွမ်းခဲ့ကြောင်း အမည်မဖော်သော ရဲတစ်ဦးကလည်း ပြောကြားခဲ့သည်။

အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာသို့ ချီတက်ရန် ကြိုးစားခဲ့ကြသည့် ရာနှင့်ချီသော ရွာသားများက အိန္ဒိယတပ်ဖွဲ့ဝင်များထံ ခဲများဖြင့်ပေါက်ခြင်း၊ ‘လွတ်လပ်ရေး ရရှိရေး’ ဟု ကြွေးကြော်သံများ ဟစ်အော်ခြင်း ပြုလုပ်ခဲ့ကြကြောင်း ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။ စစ်တပ်၏ ဝိုင်းရံခြင်းခံခဲ့ရသော သူပုန်များ ထွက်ပြေးလွတ်မြောက် စေရန်အတွက် အရပ်သားများ တစ်ခါတစ်ရံ ရွာတစ်ရွာလုံးက လမ်းများပေါ်ထွက်၍ တပ်ဖွဲ့ဝင်များအား နှောင့်ယှက်ဟန့်တားလေ့ ရှိကြောင်း သိရသည်။

ပါးနပ်ပြီး ရုပ်ဖျက်ကျွမ်းကျင်သည်ဟု နာမည်ကျော်သော ဒူဂျနာအား အိန္ဒိယက နှစ်နှင့်ချီ ခြေရာခံလိုက်ခဲ့ပြီး စစ်ဘက်၏ ဝိုင်းရံမှု ငါးကြိမ်ထက်မနည်းမှ လွတ်မြောက်ခဲ့သည်ဟု ယူဆရသည်။ LeT အပါအဝင် သူပုန်အဖွဲ့များသည် အိန္ဒိယ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ဘက်ခြမ်းတွင် တပ်စွဲထားသော အကြမ်းဖျင်း ၅၀၀,၀၀၀ ခန့်ရှိသည့် အိန္ဒိယစစ်သားများအား ဆယ်စုနှစ်နှင့်ချီ တိုက်ခိုက်လာခဲ့ကြပြီး လွတ်လပ်ရေးပေးရန် သို့မဟုတ် ပါကစ္စတန်နှင့် ပေါင်းစည်းခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

Ref : AFP

Most Read

Most Recent