တရားမဝင် ငါးဖမ်းခြင်းအတွက် ဗီယက်နမ်ကို ဥရောပသမဂ္ဂက သတိပေး

တရားမဝင် ငါးဖမ်းခြင်းအတွက် ဗီယက်နမ်ကို ဥရောပသမဂ္ဂက သတိပေး
Published 25 October 2017

စက်တင်ဘာ  ၁၄ ရက်က ဗီယက်နမ်အလယ်ပိုင်း ကမ်းရိုးတန်းသို့ မုန်တိုင်းမဝင်ရောက်မီ ငါးဖမ်းဆိပ်ကမ်း တစ်ခု၌ ငါးဖမ်းလှေများအား ဆိုက်ကပ်ထားစဉ် (Photo : AFP)

တရားမဝင် ငါးဖမ်းခြင်းကို ဗီယက်နမ်က ထိရောက်စွာ မကိုင်တွယ်လျှင် ဗီယက်နမ်၏ ပင်လယ်စာ ပို့ကုန်လုပ်ငန်းအား ပိတ်ပင်အရေးယူနိုင်ကြောင်း ဥရောပသမဂ္ဂက အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့ပြီး ဗီယက်နမ်ကို အဝါကတ်ပြ သတိပေးခဲ့သည်။

အဖွဲ့ဝင် ၂၈ နိုင်ငံရှိသော ဥရောပသမဂ္ဂ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ဥရောပကော်မရှင်က ဗီယက်နမ်သည် တရားမဝင် ငါးဖမ်းခြင်းအား သင့်တော်သော အချိန်ကာလ တစ်ခုအတွင်း ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့သော်လည်း နောက်ဆုံးအချိန် သတ်မှတ်ပေးမှုကို မဆောင်ရွက်ခဲ့ပေ။

“ဗီယက်နမ် ငါးဖမ်းသင်္ဘောတွေက တရားမဝင် ငါးဖမ်းမှုတွေကြောင့် ပစိဖိတ်သမုဒ္ဒရာတွေထဲမှာ အဏ္ဏဝါဟေဂဗေဒ စနစ်ကို သက်ရောက်မှုကို ကျွန်တော်တို့ မျက်ကွယ် မပြုထားနိုင်ပါဘူး” ဟု ဥရောပ ငါးလုပ်ငန်းရေးရာ ကော်မရှင်နာမင်းကြီး သာမိနူဗေလာက ပြောကြားခဲ့သည်။ ဗီယက်နမ် အာဏာပိုင်များအား တရားမဝင် ငါးဖမ်းမှုတိုက်ဖျက်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် တိုက်တွန်းထားပြီး ထိရောက်စွာ မဆောင်ရွက်လျှင် အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်နိုင်ကြောင်း ဗေလာက ထပ်မံပြောကြားခဲ့သည်။

တရားမဝင် ငါးဖမ်းမှုကို တိုက်ဖျက်ရန် နည်းပညာဆိုင်ရာ ပံ့ပိုးမှုပေးမည်ဟု ဥရောပသမဂ္ဂက ဗီယက်နမ်ကို ကမ်းလှမ်းထားခဲ့ကြောင်း ဗေလာက ပြောကြားခဲ့သည်။

ဗီယက်နမ်သည် တရားမဝင်ငါးဖမ်းမှုကို အပြစ်ပေးရန် ထိရောက်သည့်စနစ် မရှိကြောင်း ထို့ပြင် အိမ်နီးချင်း ကျွန်းနိုင်ငံငယ်များ၏ ရေပိုင်နက်တွင် ဗီယက်နမ်ငါးဖမ်း သင်္ဘောများ၏ ငါးဖမ်းခြင်းကို ဗီယက်နမ်က  ဟန့်တားမှု မရှိသလောက်ဖြစ်ကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်။

ဗီယက်နမ်သည် ပင်လယ်စာထုတ်ကုန်များ တင်ပို့မှုတွင် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံစာရင်းဝင် ဖြစ်ကြောင်း ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ပြောကြားခဲ့သည်။ တရားမဝင်ငါးဖမ်းမှုကို ဟန့်တားရန် ပျက်ကွက်မှုအတွက် ယင်းနိုင်ငံမှ ငါးလုပ်ငန်း ထုတ်ကုန်များကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူနိုင်သည်။ ကမ္ဘာတွင် ငါးအများဆုံး တင်သွင်းသူဖြစ်သော ဥရောပသမဂ္ဂသည် တရားမဝင် ငါးဖမ်းမှုကို တိုက်ဖျက်ရန်နှင့် အဏ္ဏဝါသယံဇာတအား ရေရှည်အသုံးပြုနိုင်ရေး အားပေးရန်အတွက် ပိတ်ဆို့အရေးယူမှု ဆောင်ရွက်နိုင်သည့် ကွပ်ကဲမှု စည်းမျဉ်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင့်သုံးခဲ့သည်။ ကမ္ဘာတွင် နှစ်စဉ်ဖမ်းဆီးရမိသော ငါးများ၏ ၁၅ ရာခိုင်နှုန်းထက်မနည်း တန် ၁၁ သန်းမှ ၂၆ သန်းကြားသည် တရားမဝင် ဖမ်းဆီးမှုဖြစ်ပြီး ယူရို ၈ ဘီလျံမှ ၁၉ ဘီလျံကြား တန်ဖိုးရှိသည်။

Ref : AFP

Most Read

Most Recent