မာရာဝီတွင် IS တို့နှင့် ငါးလကြာတိုက်ပွဲ နိဂုံးချုပ်ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ကြေညာ

မာရာဝီတွင် IS တို့နှင့် ငါးလကြာတိုက်ပွဲ နိဂုံးချုပ်ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ကြေညာ
Published 24 October 2017

အောက်တိုဘာ ၂၃ ရက်က မနီလာအရှေ့ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားနေသော ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လိုရင်ဇာနာ (ဝဲ) (Photo: AFP)

ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့တွင် IS ထောက်ခံသူများနှင့် ငါးလကြာတိုက်ပွဲ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လိုရင်ဇာနာက အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

မာရာဝီတွင် တိုက်ပွဲအားလုံးပြီးဆုံးသွားပြီဟု ကြေညာကြောင်း လိုရင်ဇာနာက ဖိလစ်ပိုင်မြောက်ပိုင်းမြို့ ကလက်တွင်ကျင်းပသည့် ဒေသတွင်းလုံခြုံရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မာရာဝီမြို့အတွင်း၌ နောက်ဆုံးတိုက်ပွဲတွင် အလောင်း ၁၂ လောင်းကိုရရှိခဲ့ပြီး ထပ်မံခုခံရန်မရှိတော့ကြောင်း လိုရင်ဇာနာက ပြောကြားခဲ့သည်။

မေ ၂၃ ရက်က ဖိလစ်ပိုင်တောင်ပိုင်းရှိ အစ္စလာမ္မစ်မြို့ မာရာဝီတွင် IS ကိုသစ္စာခံသည့် သေနတ်သမား ရာပေါင်းများစွာက မြို့ကိုစီးနင်းသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲများစတင်ခဲ့သည်။ စစ်သွေးကြွများသည် မာရာဝီတွင် အရှေ့တောင်အာရှ၏ အစ္စလာမ္မစ်နယ်မြေ တည်ထောင်ရန် ကြိုးပမ်းနေသည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးနှင့် လုံခြုံရေးကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်က ကူညီပေးခဲ့သော အကြမ်းဖက်မှုနှိမ်နင်းရေး တိုက်ပွဲများတွင် ၁၀၀၀ ကျော်သေဆုံးခဲ့ပြီး ဒေသခံ ၄၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထို့ပြင် မာရာဝီမြို့၏တိုက်ပွဲများကြောင့် နေရာအများစုသည်လည်း အကြီးအကျယ် ပျက်စီးခဲ့သည်။

သမ္မတဒူတာတေးသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်က မာရာဝီမြို့သို့ သွားရောက်ခဲ့ပြီး မြို့ကိုအကြမ်းဖက်သမားတို့လက်မှ လွတ်မြောက်စေခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ IS ၏ အရှေ့တောင်အာရှခေါင်းဆောင် ဖိလစ်ပိုင်အကြမ်းဖက်သမား အစ္စနီလွန်ဟာပီလွန်ကို မာရာဝီတွင် သုတ်သင်နိုင်ခဲ့ပြီးနောက် မြို့ကိုလွတ်မြောက်စေခဲ့ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး မြို့၏ အမှန်တကယ်လွတ်မြောက်မှုကို သံသယဝင်ခဲ့ကြသည်။ မာရာဝီမြို့ စီးနင်းခံရမှုက အရှေ့တောင်အာရှတွင် IS တို့က ခြေကုပ်ရယူလာနိုင်မှုကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။ ဆီးရီးယားနှင့် အီရတ်တွင် အရေးနိမ့်နေသော IS တို့က ဒေသခံအကြမ်းဖက်သမားများကို ရန်ပုံငွေထောက်ပံ့မှုများ ဆောင်ရွက်ပြီး အရှေ့တောင်အာရှတွင် ခြေကုပ်ရယူမည်ကို စိုးရိမ်ခဲ့ကြသည်။

မာရာဝီတွင် တိုက်ပွဲအောင်မြင်မှုအတွက် ဖိလစ်ပိုင်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမာတစ်က အောက်တိုဘာ ၂၃ ရက်တွင် ချီးကျူးခဲ့သည်။

တောင်ပိုင်းမင်ဒါနာအိုတွင် စစ်တိုက်ရခြင်းသည် အလွန်ခက်ခဲကြောင်း၊ ဖိလစ်ပိုင်စစ်တပ်သည် အကြမ်းဖက်သမားတို့အား ပြတ်သားသည့် သတင်းစကားပါးလိုက်ခြင်းဖြစ်ကြောင်း မာတစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်အစိုးရကအလိုရှိဆုံး အကြမ်းဖက်သမားစာရင်းတွင် ပါဝင်သည့် ဟာပီလွန်သည် ဒေသခံအကြမ်းဖက်အဖွဲ့ အိုမာခယမ်မော်တေ၏ ခေါင်းဆောင်နှင့်အတူ သေဆုံးခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ဆိုသည်။

ဟာပီလွန်နှင့် မော်တေတို့သည် အခြားအကြမ်းဖက်သမား ရာပေါင်းများစွာနှင့်အတူ မာရာဝီမြို့တွင် မြေအောက်စခန်းများ၌ခိုလှုံခဲ့ပြီး တူးမြောင်းများမှ သွားလာနေကာ နေ့စဉ်နီးပါးဗုံးကြဲမှုများကို ခုခံရင်ဆိုင်နေခဲ့ခြင်းဖြစ်သည်။ ဆင်းရဲမွဲတေသော ဖိလစ်ပိုင်တောင်ပိုင်းသည် ဖိလစ်ပိုင်၏ လူနည်းစုမွတ်စလင်တို့အတွက် ဗဟိုချက်ဖြစ်ပြီး ပဋိပက္ခများနှင့် ကြုံနေရသည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်သည်။

ဖိလစ်ပိုင်၏ အကြီးဆုံးသော မွတ်စလင်သူပုန်အဖွဲ့သည် ၁၉၇၀ ပြည့်လွန်နှစ်များက စတင်ခဲ့သော ပုန်ကန်မှုကို အဆုံးသတ်ရေးအတွက် ဖိလစ်ပိုင်အစိုးရနှင့် ဆွေးနွေးနေပြီး ငြိမ်းချမ်းရေးကို ဆန့်ကျင်သည့် အစွန်းရောက်အဖွဲ့များလည်း ထပ်မံပေါ်ထွက်လာနေသည်။ ဟာပီလွန်နှင့် မော်တေတို့ဦးဆောင်သော အဖွဲ့အပါအဝင် အခြားအကြမ်းဖက်အဖွဲ့အချို့သည် IS ကိုသစ္စာခံကြောင်း မကြာသေးခင်နှစ်များအတွင်းက ကြေညာခဲ့ကြသည်။

Most Read

Most Recent