<

ပြင်သစ်နှင့် ဂျာမနီတို့ အီရန်နှင့် ဆက်လက်ကုန်သွယ်နိုင်သည်ဟု ထရန့် ပြောကြား

အောက်တိုဘာ ၁၃ ရက်က အိမ်ဖြူတော်၌ အီရန်မူဝါဒ ပြောကြားနေသော သမ္မတ ထရန့် (Photo: AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းသည် အီရန်နျူကလီးယား သဘောတူညီချက်ကို အသိအမှတ်ပြုရန် ငြင်းဆန်နေသော်လည်း ပြင်သစ်နှင့် ဂျာမနီတို့သည် အီရန်နှင့် ကုန်သွယ်မှု ဆက်လက်လုပ်ဆောင်နေခြင်းကိုမူ ပိတ်ပင်မည် မဟုတ်ကြောင်း အောက်တိုဘာ ၂၂ ရက်က ထုတ်လွှင့်သည့် မေးမြန်းခန်းတစ်ခု၌ ပြောကြားသွားခဲ့သည်။

“ငွေရအောင် ဆက်လုပ်ကြပါလို့ ကျွန်တော် သူတို့ကို ပြောခဲ့ပါတယ်” ဟု အိမ်ခြံမြေလုပ်ငန်းရှင် ဘ၀မှ သမ္မတဖြစ်လာသည့် ထရန့်က Fox News ၏ Sunday Morning Futures အစီအစဉ်တွင် ပြောခဲ့ခြင်းဖြစ်သည်။ “စိတ်မပူပါနဲ့။ ဒီကိစ္စမှာ ကျွန်တော်တို့ ခင်ဗျားတို့ကို မလိုအပ်ပါဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။

“သူတို့ဟာ ကျွန်တော်ရဲ့ တကယ့် မိတ်ဆွေတွေပါ။ အီမန်နျူရယ်နဲ့ဖြစ်ဖြစ် အင်ဂျလာနဲ့ပဲဖြစ်ဖြစ် အခင်အမင်မပျက် ရှေ့ဆက်သွားမှာပါ” ဟု ထရန့်က ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်တို့ကို ရည်ညွှန်းပြောကြားခဲ့သည်။

“ကျွန်တော်လည်း ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဘာဖြစ်လာမလဲဆိုတာ မသိပါဘူး” ဟု ထရန့်က ၂၀၁၅ ခုနှစ်က ရရှိခဲ့သော သမိုင်းဝင် အီရန်သဘောတူညီချက်ကို ရည်ညွှန်းပြောကြားခဲ့သည်။ ထရန့်သည် ထိုအီရန်သဘောတူညီချက်နှင့် ပတ်သက်ပြီး ရက် ၉၀ ပြည့်တိုင်း တစ်ကြိမ် အတည်ပြုပေးရသည့် ကိစ္စကို အတည်မပြုပေးတော့ဟု အောက်တိုဘာ ၁၃ က ပြောကြားခဲ့ကာ ထိုသဘောတူညီချက်၏ ကံကြမ္မာကို အမေရိကန် ကွန်ဂရက် လက်ထဲသို့ လွှဲပေးခဲ့သည်။

“သူတို့တတွေ အဲဒီပစ္စည်းတွေကိုဝယ်ရင် နည်းနည်းတော့ ပိုခက်သွားတောပေါ့” ဟု ထရန့်က ပြင်သစ်နှင့် ဂျာမနီတို့၏ အီရန်ဖြင့် ကုန်သွယ်ရေး သဘောတူညီချက်များကို ရည်ညွှန်းပြောခဲ့သည်။

သို့သော် ဆော်ဒီသို့ ရောက်နေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်ကမူ ဥရောပကုမ္ပဏီများ၊ နိုင်ငံများ အနေနှင့် ပိတ်ဆို့မှုတစ်ခု ချမှတ်ရန် စီစဉ်နေသော အမေရိကန်နှင့် ပူးပေါင်းမည်ဟု မျှော်လင့်သည်ဟု ရီယာ့ဒ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဂျာနယ်လစ်များကို ပြောခဲ့သည်။ “အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ အပါအ၀င် အီရန်ထဲက ဘယ်အဖွဲ့နဲ့မဆို စီးပွားရေးလုပ်တဲ့ ဥရောပနဲ့ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေဟာ အန္တရာယ်ကြီးကြီးနဲ့ လုပ်နေကြတာ ဖြစ်ပါတယ်” ဟု တေလာဆင်က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂကမူ အီရန်သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းသွားရန် ဆုံးဖြတ်ထားကြောင်း ထုတ်ဖော်ခဲ့သည်။ ထိုသို့ ထိန်းသိမ်းထားခြင်းသည် မြောက်ကိုရီးယားကိုလည်း ၎င်း၏ နျူကလီးယား အစီအစဉ်အတွက် ဆွေးနွေးမှု စားပွဲပေါ်သို့ ရောက်လာစေရန် သိမ်းသွင်းစည်းရုံးရာ၌ မရှိမဖြစ် လိုအပ်သည်ဟု ကမ္ဘာခေါင်းဆောင် အချို့က ယုံကြည်နေကြသည်။

ပင်လယ်ကွေ့ဒေသသို့ ရောက်နေသည့် တေလာဆင်က ၎င်း၏ ပင်လယ်ကွေ့ မဟာမိတ်များနှင့် ဆွေးနွေးရာ၌ အီရန်၏ သြဇာလွှမ်းမိုးမှုအား လျှော့ချရန် ကြိုးပမ်းခဲ့သည်။ ထို့အပြင် အီရန်ကို အီရတ်အရေး၌ ၀င်ပါမှုအား လျှော့ချရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ အောက်တိုဘာ ၂၀ ရက်ကမူ တေလာဆင်က ထရန့်အစိုးရ အဖွဲ့သည် အီရန်နှင့် ဥရောပကုန်သွယ်မှုကို ဖျက်စီးရန် ရည်ရွယ်ထားခြင်း မရှိကြောင်း ဝေါစထရိသတင်းစာသို့ပင် ပြောကြားခဲ့သည်။

Ref: AFP

October 23, 2017














Copy Protected by Chetan's WP-Copyprotect.