တိုင်ဖွန်းမုန်တိုင်းနှင့်အပြိုင် ကျင်းပခဲ့သည့် ဂျပန်ရွေးကောက်ပွဲတွင် အာဘေး အနိုင်ရ

တိုင်ဖွန်းမုန်တိုင်းနှင့်အပြိုင် ကျင်းပခဲ့သည့် ဂျပန်ရွေးကောက်ပွဲတွင် အာဘေး အနိုင်ရ
Published 23 October 2017

အောက်တိုဘာ ၂၂ ရက်က LDP ပါတီ ရုံးချုပ်တွင် ရောက်ရှိနေသည့် အာဘေးကို တွေ့ရစဉ် (Photo: AFP)

ဂျပန်နိုင်ငံတွင် အောက်တိုဘာ ၂၂ ရက် က တိုင်ဖွန်းမုန်တိုင်းနှင့်အပြိုင် စောစီးစွာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ် အာဘေးက အပြတ်အသတ် အနိုင်ရခဲ့ပြီး ယခုရွေးကောက်ပွဲအား လွှမ်းမိုးခဲ့သည့် မြောက်ကိုရီးယား ခြိမ်းခြောက်မှုအား ပြင်း ပြင်းထန်ထန် ကိုင်တွယ်သွားမည်ဟု ၎င်းက ရုတ်ခြည်းပြောဆိုလိုက်သည်။

ပုဂ္ဂလိက ရုပ်သံ TBS ဖော်ပြချက်အရ အာဘေး၏ ညွန့်ပေါင်းက အမတ် ၄၆၅ နေရာရှိ ပါလီမန်တွင် ၃၁၁ နေရာ အနိုင်ရဖွယ်ရှိနေရာ အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်မှာ ဂျပန်၏ သက်တမ်းအရှည်ကြာဆုံး ခေါင်းဆောင် ဖြစ်လာရန် ရှိနေသည်။

တိုင်ဖွန်းမုန်တိုင်းတစ်ခု ဂျပန်သို့ ချဉ်းကပ်လာစဉ် ဒေသစံတော်ချိန် နံနက် ၇ နာရီ၌ မဲရုံများစတင်ဖွင့်လှစ်ခဲ့သည်။ ရာသီဥတုမှာ ဆိုးရွားသော်လည်း နံနက် ၁၁ နာရီတွင် မဲလာထည့်သူ ပမာဏသည် ၁၂ ဒသမ ၂၄ ရာခိုင် နှုန်းအထိ ရှိလာခဲ့သည်။  အောက်တိုဘာ ၂၀ ရက်က ကြိုတင်မဲပေးသူဦးရေမှာလည်း စံချိန်တင် ၁၅ ဒသမ ၆၄ သန်းရှိခဲ့သည်။

“မြောက်ကိုရီးယားရဲ့ဖိအားကို အလျှော့မပေးတဲ့ အာဘေးရဲ့ရပ်တည်ချက်ကို ကျွန်တော် ထောက်ခံပါတယ်” ဟု တိုကျိုမှ အသက် ၅၀ အရွယ် ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သော မဲဆန္ဒရှင် ယိုရှီဟိုင်ဆာလီမိုရီက ပြောကြားခဲ့သည်။

သို့သော် အာဘေး၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ယင်း၏ ဂျူနီယာ ညွန့်ပေါင်းမိတ်ဖက်ပါတီတို့သည် အောက်လွှတ်တော်တွင် လိုအပ်သော အမတ်နေရာ သုံးပုံ-နှစ်ပုံအား ပြည့်မီအောင် ရမရနှင့် ပတ်သက်၍ သံသယ အနည်းငယ်ရှိနေဆဲဖြစ်သည်။ ထိုကဲ့သို့ အောက်လွှတ်တော်ထဲတွင် အမတ်နေရာ အများစုကိုရရှိသွားပါက စစ်ပွဲကိုကျောခိုင်းပြီး နိုင်ငံ၏စစ်အင်အားကိုလည်း မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်လောက်သည်အဆင့် သို့လျှောချရန် အမေရိကန်တို့ပြဋ္ဌာန်းပေးသွားသော ဂျပန်အခြေခံဥပဒေကို အာဘေးအနေနှင့် ပြောင်းလဲမှုများ ပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်။

မဲရုံများသည် ဒေသစံတော်ချိန် ည ၈ နာရီတွင်ပိတ်မည်ဖြစ်ပြီး ယင်းနောက်တွင် ရုပ်သံဌာနများက မဲလာပေးသူများကို မေးမြန်းပြီး ခန့်မှန်းထားသော မဲအခြေအနေများအား ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ ယင်း ခန့်မှန်းရလဒ်များသည် အများအားဖြင့် ယုံ ကြည်စိတ်ချရနိုင်သည်။

အင်အားပြင်းတိုင်ဖွန်း လန်သည် ဂျပန် နိုင်ငံထဲတွင် မြေပြိုမှုများကို ဖြစ်စေခဲ့ပြီး မဲရုံတစ်ရုံတွင် မဲပေးမှုများ နှောင့်နှေးသွားစေခဲ့သည်။ နိုင်ငံအနောက်ပိုင်းရှိ ဝေးလံခေါင်သီသော ကျွန်းတစ်ကျွန်းတွင်လည်း သင်္ဘောဝန်ဆောင်မှုများကို လှိုင်းကြီးမှုကြောင့် ရပ် ဆိုင်းလိုက်ရသဖြင့် ရွေးကောက်ပွဲတာဝန်ရှိသူများအနေနှင့် ထိုကျွန်း၏မဲများကို အောက်တိုဘာ ၂၂ ရက်၌ ရေတွက်ရရေးကို လက်လျှော့လိုက်ရသည်။

■ ကျွန်တော်တို့ တုန်လှုပ်နေလို့ မဖြစ်ပါဘူး

အာဘေးသည် ရွေးကောက်ပွဲကို တစ်နှစ်စော၍ ခေါ်ယူခဲ့ခြင်းဖြင့် ဂျပန်နိုင်ငံတွင်း၌ အလန့်တကြား ဖြစ်စေခဲ့သည်။ အာဘေးက တစ်မျိုးသားလုံးနှင့်ဆိုင်သော ပြဿနာနှစ်ခုဟု ခေါ်ဆိုထားသည့် သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာခြင်းနှင့် မြောက်ကိုရီးယားတင်း မာမှုတို့နှင့် ဂျပန်နိုင်ငံရင်ဆိုင်ရချိန်တွင် မဲဆန္ဒရှင်များအနေနှင့် ၎င်းငအား မဲထည့်ကြရန် တိုက်တွန်းထားသည်။“မြောက်ကိုရီးယားဟာ ရည်ရွယ်ချက်ရှိရှိ ကျွန်တော်တို့ကို ခြိမ်းခြောက်နေပြီး တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ တုန်လှုပ်နေလို့မဖြစ်ပါဘူး” ဟု  နောက်ဆုံးမဲဆွယ်စည်းရုံးမှုအတွင်း အာဘေးက ပြောကြားခဲ့သည်။

အချိန်တိုအတွင်း အာဘေး၏ အားကောင်းသော အဓိကပြိုင်ဘက်ဖြစ်လာသည့် တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကိုကိုအီကဲမှာမူ ၎င်းကိုယ်တိုင် ဝန်ကြီးချုပ်နေရာတွင် မပြိုင်ခြင်း အပါအဝင် အခြားအကြောင်းရင်းများကြောင့် လူကြိုက်များမှု ပြန်လည်ထိုးဆင်းသွား ခဲ့သည်။

Most Read

Most Recent