ပြင်သစ်တွင် လုပ်ငန်းကြီး လုပ်ကိုင်နေသော ခရစ်ယာန်ဘုန်းကြီးနှင့် သီလရှင်များ

ပြင်သစ်တွင် လုပ်ငန်းကြီး လုပ်ကိုင်နေသော ခရစ်ယာန်ဘုန်းကြီးနှင့် သီလရှင်များ
Published 23 October 2017

စက်တင်ဘာ ၃၀ ရက်က ချန်တယ်လီမြို့ကျောင်းတော်တွင် သီလရှင်များနှင့် ဘာသာရေးနှင့် မဆိုင်သောဝန်ထမ်းများ လုပ်ငန်းဆိုင်ရာကိစ္စ ဆွေးနွေးနေကြစဉ် (Photo - AFP)

ပြင်သစ်နိုင်ငံအလယ်ပိုင်း အယ်လီယာမြို့ရှိ ချန်တယ်လီအဘေး ခရစ်ယာန်ကျောင်းတွင် ဆုတောင်းပွဲပြီးနောက် ကျောင်းတော်၏ သီလရှင်များနှင့် ၎င်းတို့၏ ဝန်ထမ်းများအကြား ဈေးကွက်နှင့်ပတ်သက်သည့် အစည်းဝေးတစ်ရပ် ပြုလုပ်ကြသည်။ ဆပ်ပြာနှင့် အလှကုန်ပစ္စည်းများကို ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော ဂျာမနီနိုင်ငံတွင် ဖြန့်ချိရေးအတွက် နောက်ဆုံးအော်ဒါမှာယူမှုများနှင့် ပတ်သက်၍ ဆွေးနွေးကြခြင်း ဖြစ်သည်။

ခရစ်ယာန် စစ္စတာများအဖွဲ့သည် ၁၉၅၄ ခုနှစ်ကတည်းက အလှကုန်ပစ္စည်းများကို ထုတ်လုပ်လာခဲ့ခြင်း ဖြစ်သည်။ ယင်းကို ဓာတုဗေဒပညာရှင် စစ္စတာတစ်ဦးနှင့် သင်္ချာပညာရှင် စစ္စတာတစ်ဦးတို့က စတင်ခဲ့ခြင်း ဖြစ်သည်။ ခန္ဓာကိုယ်လိမ်းဆေး၊ ရေချိုးဂျယ်နှင့် အလှဆီတို့သည် အဆိုပါခရစ်ယာန်ကျောင်းတော် ကိုယ်ပိုင်ဓာတ်ခွဲခန်းမှ ထုတ်လုပ်သော ကုန်ပစ္စည်းများဖြစ်ကြသည်။ ယင်းကျောင်းတော်တွင် သီလရှင်များသည် ယခုအခါ ဝတ်ပြုဆုတောင်းချိန်နှင့် လုပ်ငန်းလုပ်ကိုင်ချိန်ဟူ၍ အချိန်သတ်မှတ်ထားမှုကို ကောင်းစွာ သဘောပေါက်ကြသည်။

“ကုမ္ပဏီတစ်ခုက ဖွံ့ဖြိုးလာအောင်လုပ်ရမယ်။ မဟုတ်ရင် လုပ်ငန်းက သေသွားလိမ့်မယ်” ဟု ထုတ်လုပ်ရေးနှင့်ပတ်သက်၍ အကြံပြုစဉ် ဝတ်ရုံနှင့် မျက်နှာဖုံး ဝတ်ဆင်ထားသော မာသာပက်စကေးက ပြောကြားခဲ့သည်။

“ဖွံ့ဖြိုးလာဖို့ အရောင်းသွက်ဖို့နဲ့ ကျွန်မတို့ရဲ့ ဖောက်သည်တွေကို ခေတ်မီလာစေဖို့ လိုအပ်တယ်” ဟု မာသာက ပြောကြားခဲ့သည်။ မာသာသည် ဘာသာရေးဆိုင်ရာ ခေါင်းဆောင်တစ်ဦးထက် လုပ်ငန်းတစ်ခု၏ အလုပ်အမှုဆောင်တစ်ဦးနှင့် ပို၍တူနေ၏။

သီလရှင်များအတွက် လက်မှုလုပ်သားအဖြစ် လုပ်ကိုင်ခြင်းသည် ၆ ရာစုအထိ ပြန်ကြည့်ပါက ဘုန်းတော်ကြီး စိန့်ဘန်နီဒစ်၏ စည်းမျဉ်းကို မဖြစ်မနေ လိုက်နာရမည်ဖြစ်သည်။

ဆုတောင်းဝတ်ပြုသည့် နာရီများအတွင်း မဟုတ်သမျှ ကာလပတ်လုံး စစ္စတာများအနေဖြင့် စိတ်ကူးထုတ်ယူခြင်းမှသည် ထုပ်ပိုးခြင်းအထိ ထုတ်ကုန်နှင့်ပတ်သက်၍ လုပ်ကိုင်နိုင်သည်။

အသက် ၉၇ နှစ်အရွယ်ရှိပြီး ကျောင်းတော်၏ ဂိုဏ်းချုပ်ဖြစ်သော စစ္စတာ မာရီဆူ ဇန်နီသည်ပင်လျှင် အလုပ်လုပ်ကိုင်ရာ၌ ပါဝင်သည်။

သို့သော် ဝယ်လိုအားနှင့် ကိုက်ညီရန်အတွက် ကျောင်းတော်သည် ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ကူညီရန် ဘာသာရေးနှင့် မဆိုင်သောဝန်ထမ်း ၁၀ ဦးခန့်ကိုလည်း ငှားရမ်းထားရသည်။

“ရည်ရွယ်ချက်ကတော့ ချမ်းသာဖို့ရာ ပိုက်ဆံရှာဖို့ မဟုတ်ပါဘူး။ စတော့စာရင်းထဲဝင်ဖို့ ကျွန်မတို့ စီစဉ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်တင့်လျောက်ပတ်တဲ့ အတိုင်းအတာတစ်ခုအတွင်း နေထိုင်နိုင်ဖို့ပါ” ဟု မာသာပက်စကေးက ပြောကြားခဲ့သည်။

အဆိုပါကျောင်းတော်သည် Facebook Page ပင်ရှိပြီး အခြားခရစ်ယာန်ကျောင်းများ၊ အလှကုန်ပစ္စည်းဆိုင်များနှင့် အင်တာနက်တို့မှတစ်ဆင့် ရောင်းချခဲ့သည်။ အလှကုန်ပစ္စည်းများကို အဓိကအားဖြင့် သဘာဝပစ္စည်းများမှ ထုတ်လုပ်ထားပြီး လွန်ခဲ့သည့်နှစ်က ယူရိုတစ်သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း) ဖိုး ရောင်းချခဲ့ရသည်။

ရရှိသောငွေများစွာကို အိုမင်းနေသည့် ရဲတိုက်များ၊ ဘာသာရေးအဆောက်အအုံများ ပါဝင်သော်လည်း များစွာတို့မှာ လှပနေသည့် ၇ ရာစုကျောင်းတော်အား ပြင်ဆင်ရန်နှင့် မွမ်းမံရန်အတွက် အသုံးပြုသည်။

“လှပနေပေမယ့် ပြင်ဆင်မွမ်းမံမှုက ဈေးကြီးပါတယ်။ ကျွန်မတို့ ခေါင်မိုးတွေနဲ့ ကျွန်မတို့နေတဲ့ အခန်းတွေကို ပြန်လုပ်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ မဆုံးနိုင်ပါဘူး” ဟု သီလရှင်တစ်ဦးက သက်ပြင်းချရင်း ပြောပြသည်။

 

လုပ်ငန်းများ ချဲ့ထွင်ခြင်း

ကျောင်းတော်မှ ထုတ်လုပ်သော ထုတ်ကုန်များဈေးကွက်သည် ပြင်သစ်နိုင်ငံ သက်သက်ထက် ပို၍ကျယ်ပြောသည်။ ဈေးကွက်သည် အနည်းဆုံးအနေဖြင့် ဂျာမနီနိုင်ငံ၌ ဖွံ့ဖြိုးလာခဲ့ပြီး ဗြိတိန်၌လည်း အထိုက်အလျောက် အတိုင်းအတာဖြင့် ရှိနေသည်။

ပြင်သစ်နိုင်ငံတစ်လွှားတွင် ခရစ်ယာန် အသိုင်းအဝိုင်း ၂၅၀ မှ ၃၀၀ ခန့်အထိသည် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ဆုတောင်းဝတ်ပြုသူများအား ရောင်းချခြင်း ပြုလုပ်နေကြသည်။

ဘီစကွက်မုန့်မှသည် ယိုနှင့်ပျားရည် အထိ၊ ကစီဓာတ်လွတ်ကင်းသော ထုတ်ကုန်များနှင့် အော်ဂဲနစ် ဟင်းသီးဟင်းရွက်များ အထိ၊ အမျိုးသားနှင့် အမျိုးသမီး အဝတ်အစားများအထိ လုပ်ငန်းအမျိုးမျိုးကို ချဲ့ထွင် လုပ်ကိုင်နေကြသည်။

၆၄၉ ခုနှစ်တွင် ထူထောင်ခဲ့သော စိန့်ဝမ်ဒရယ်လီကျောင်းတော်သည် လွန်ခဲ့သည့် နှစ်က ဘီယာထုတ်လုပ်ရေးကို ပြန်လည်စတင်ခဲ့ပြီး အကြီးအကျယ် အောင်မြင်ခဲ့သည်။ အဆိုပါကျောင်းတော်သည် တစ်နှစ်မပြည့်မီအတွင်း ဘီယာပုလင်းပေါင်း ၁၀၀,၀၀၀ ကျော် ရောင်းချခဲ့ရပြီး ထက်ဝက်ကျော်မှာ ဝက်ဘ်ဆိုက်မှတစ်ဆင့် ရောင်းချခဲ့ရခြင်း ဖြစ်သည်။

အီဆယ်မြို့ရှိ ဂရင်းချက်ထရူဆေး ကျောင်းတော်သည် သူ၏အရက်ကို ဈေးကွက်တင်ခြင်း၌ ပိုမိုကြီးမားသောအောင်မြင်မှုကို ရရှိထားသည်။

ယင်းကျောင်းတော်၏အရက်ကို အပင်အမျိုးပေါင်း ၁၃၀ အား ရောနှောကာ ဖန်တီးထားခြင်းဖြစ်ပြီး သဘာဝအတိုင်း အစိမ်းရောင်ရှိသည်။ ယင်းအရက် ဖော်စပ်နည်း အညွှန်းအတိအကျကို ကျောင်းတော်ရှိ ဘုန်းတော်ကြီးနှစ်ဦးသာ သိထားသည်ဟု ဆိုသည်။

ယခုအခါ ယင်းလုပ်ငန်းသည် ဗွိုင်ရွန်မြို့ရှိ စက်ရုံတွင် လူပေါင်း ၅၈ ဦးကိုခန့်ထားပြီး ၂၀၁၅ ခုနှစ်အတွင်း ယူရို ၁၇ သန်းဖိုးခန့် ရောင်းချခဲ့ရသည်ဟု ဆိုသည်။

ဘာဂန်ဒီမြို့ရှိ ဆစ်ချောက်ကျောင်းတော်သည် နွားနို့မှထုတ်လုပ်သော ဒိန်ခဲတစ်မျိုးကြောင့် ကျော်ကြားပြီး လွန်ခဲ့သည့်နှစ်က ယူရို ၁ ဒသမ ၂ သန်းဖိုး ရောင်းချခဲ့ရသည်။

ယင်းဒိန်ခဲများစွာကို ဝက်ဘ်ဆိုက်မှတစ်ဆင့် ရောင်းချခဲ့ရခြင်းဖြစ်ပြီး ဒူဘိုင်း၊ မွန်ထရီယယ်နှင့် တိုကျိုတို့အထိ ဝေးလံသော နေရာများဆီသို့ ရောင်းချခဲ့ရခြင်းလည်း ဖြစ်သည်။

“လွန်ခဲ့တဲ့ ၁၅ ရက်က လုပ်ငန်းအခက်အခဲတွေကို ကူညီနေတဲ့ ကုမ္ပဏီတစ်ခုဆီကနေ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော်က ကျွန်တော့်မှာ ပြဿနာတစ်ခုရှိကြောင်း ပြောပါတယ်။ ကျွန်တော်တို့ တစ်နှစ်ကို ဒိန်ခဲ ၁၂၀ç၀၀၀ ယူနစ် ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ ဝယ်လိုအားက ၁၆၀,၀၀၀ ကျော်နေပါတယ်”ဟု ဖာသာ ယန်းကလော်ဒီက ပြောပြခဲ့သည်။

 

အရှင်သခင်ကို ရှာဖွေခြင်း

၎င်းတို့ ထုတ်ကုန်များ၏ ပုံရိပ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် မမျှတသော ယှဉ်ပြိုင်မှုများကို ရှောင်ရှားနိုင်ရန် ခရစ်ယာန်အဖွဲ့ အစည်း ၂၀၀ ကျော်သည် အဖွဲ့စည်းကြီးတစ်ရပ်ကို ဖွဲ့စည်းထားပြီး ခရစ်ယာန်ကျောင်း တော်များမှ ထုတ်လုပ်သည့် ထုတ်ကုန်များ အစစ်မှန်ဖြစ်ကြောင်း အတည်ပြုရန် Monastic ဟူသည့် အမှတ်အသားကို ဖန်တီးထားသည်။

သို့သော် ၎င်းတို့လုပ်ငန်းအချို့ ကြီးထွားလာနေသော်လည်း ကျောင်းတော်များစွာသည် ချဲ့ထွင်ရန် အခွင့်အလမ်းများစွာ ဆုံးရှုံးနေသည်ဟု သုံးသပ်သူအချို့က ဆိုသည်။

“လုပ်ငန်းခွင်နေရာက သိပ်ကိုအကန့်သတ်ရှိဆဲမို့ ခရစ်ယာန်အသိုင်းအဝိုင်းအများစုက တော်သင့်ရုံ ထုတ်လုပ်မှုပဲ လုပ်ကြပါတယ်” ဟု ကျောင်းတော်ထုတ်ကုန်များ ဝယ်ယူမှုနှင့်ပတ်သက်သော စာတမ်းတစ်စောင်ကို ရေးသားသူ မာရီကက်သရင်းပါကီယာက ပြောကြားခဲ့သည်။

သူက ခရစ်ယာန်ကျောင်းတော်များ ထုတ်ကုန်ပစ္စည်းများ၏တန်ဖိုးသည် တစ်နှစ်လျှင် ယူရို ၇၅ သန်းရှိမည်ဟု ခန့်မှန်းခဲ့သည်။

ဈေးကွက်ကိုချဲ့ထွင်ပါက စီးပွားရေး အမြင်ရှိသော သီလရှင်များနှင့် ဘုန်းကြီးများအနေဖြင့် အကျိုးအမြတ် ရယူခြင်းဆန်လာနိုင်ခြေနှင့် ပတ်သက်၍ ဘာသာရေးသဘော တရားများနှင့် အကြီးအကျယ် စေ့စပ်ညှိနှိုင်းရန် လိုလာလိမ့်မည် ဖြစ်သည်။

ယင်းသည် ပြဿနာတစ်ရပ် ဖြစ်နိုင်သော်လည်း “ဦးစားပေးကတော့ အရှင်သခင် (အဆုံးဖြတ်ပေးနိုင်မည့်သူ) ကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်” ဟု မာသာ ပက်စကေးက ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent