အာဖဂန်မြို့တော်ကဘူးရှိ အီရတ်သံရုံးအား တိုက်ခိုက်ခဲ့ဟု IS အဖွဲ့ ထုတ်ပြန်

အာဖဂန်မြို့တော်ကဘူးရှိ အီရတ်သံရုံးအား တိုက်ခိုက်ခဲ့ဟု IS အဖွဲ့ ထုတ်ပြန်
Published 1 August 2017

ဇူလိုင် ၃၁ ရက်က ကဘူးရှိ အီရတ်သံရုံးအနီး အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့သည့်နေရာ၌ တွေ့ရသော အာဖဂန်လုံခြုံရေးများ (Photo: AFP)

အာဖဂန်နစ္စတန်မြို့တော် ကဘူးရှိ အီရတ်သံရုံးအပြင်ဘက်တွင် ဇူလိုင် ၃၁ ရက်၌ အသေခံဗုံးခွဲသမားတစ်ဦးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့ပြီး စစ်သွေးကြွများက သံရုံးဝင်းထဲသို့ ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း အာဖဂန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုစတင်ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖျင်း လေးနာရီခန့်အကြာတွင် တိုက်ခိုက်သူအားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး သံရုံးဝင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ သံရုံးဝန်ထမ်းအားလုံး ဘေးကင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသည်သာ ဒဏ်ရာအနည်းငယ်ရခဲ့ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သို့သော် ထုတ်ပြန်မှုများမှာ ကွဲလွဲနေကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အသေခံဗုံးခွဲသူတစ်ဦးက သံရုံးဝင်ပေါက်၌ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခဲ့ပြီး စစ်သွေးကြွ လေးဦးထက်မနည်းက သံရုံးကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက အချိန်မီရောက်ရှိလာခဲ့ပြီး အီရတ် သံတမန်ဝန်ထမ်းများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ရဲတစ်ဦးသာ ဒဏ်ရာအနည်းငယ်ရခဲ့ကြောင်း ယင်းကြေညာချက်က ဆိုခဲ့သည်။ အီရတ်သံရုံးသည် ဟိုတယ်များ၊ ဘဏ်များ၊ စူပါမားကတ်ကြီးများနှင့်အတူ ရဲစခန်းများရှိသည့် ကဘူးမြို့ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။

သို့သော် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာ၌ရှိနေသော အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးနှင့် မျက်မြင်သက်သေများကမူ တိုက်ခိုက်သူများအား သံရုံးအနီးတွင် ကားဖြင့်လာချသွားခဲ့ကြောင်း၊ ယင်းနောက်၎င်းတို့က သေနတ်များဖြင့် ပစ်ခတ်၍ သံရုံးထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် သံရုံးထဲတွင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခဲ့ကြကြောင်း ပြောကြားခဲ့ကြသည်။

ဘဂ္ဂဒက်ရှိ အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့သူများထဲတွင် သံမှူးလည်း ပါဝင်ခဲ့ကြောင်း၊ အခြေအနေအား အာဖဂန်တာဝန်ရှိသူများနှင့်အတူ စောင့်ကြည့်နေကြောင်း ထုတ်ပြန်ခဲ့သည်။

IS အဖွဲ့၏အာဖဂန်အဖွဲ့ခွဲက ၎င်းတို့၏ အဖွဲ့ဝင်နှစ်ဦးသည် အီရတ်သံရုံးအား တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးနှင့် သံရုံးဝန်ထမ်း ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့်သတင်းအေဂျင်စီ ဗာဆေတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းစစ်သွေးကြွအဖွဲ့သည် တိုက်ခိုက်မှုများတွင် သေဆုံးဒဏ်ရာရသူ အရေအတွက်ကို အမြဲလိုလိုချဲ့ကား ထုတ်ပြန်လေ့ရှိသည်။

၂၀၁၇ ခုနှစ် ပထမခြောက်လအတွင်း အာဖဂန်၌ သေဆုံးခဲ့သည့် အရပ်သား စုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ နီးပါးမှာ ကဘူးမှဖြစ်သည်ဟု ကုလသမဂ္ဂ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရသည်။ ကဘူးတွင် မေနှောင်းပိုင်းက တိုက်ခိုက်မှုကြီး တစ်ခုအတွင်း လူပေါင်း ၁၅၀ ကျော်သေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။

Ref: AFP

Most Read

Most Recent