အာရှတွင် အသည်းကင်ဆာဖြစ်ပွားမှုနှင့် တရုတ်တိုင်းရင်းဆေး ဆက်နွှယ်နေကြောင်း လေ့လာတွေ့ရှိ

အာရှတွင် အသည်းကင်ဆာဖြစ်ပွားမှုနှင့် တရုတ်တိုင်းရင်းဆေး ဆက်နွှယ်နေကြောင်း လေ့လာတွေ့ရှိ
Published 20 October 2017

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ဟနွိုင်းတွင် ဆိုင်တစ်ဆိုင်၌ တိုင်းရင်းဆေးများအား ကြည့်ရှုနေသော ဗြိတိန်မင်းသား ဝီလျံ (ယာ)

အာရှတစ်ဝန်းတွင် အသည်းကင်ဆာဖြစ်ပွားမှုနှင့် တရုတ်တိုင်းရင်းဆေးတို့ ဆက်နွှယ်မှုရှိကြောင်း အထောက်အထားကို သုတေသနပညာရှင်များက ဖော်ထုတ်ထားသည်ဟု  ဆေးပညာဂျာနယ် Science Translational Medicine တွင် ဖော်ပြခဲ့သည့် လေ့လာမှုက ရေးသားခဲ့သည်။ အရစ်စတိုလိုချစ်အက်စစ် (AA) ဟုခေါ်သော ဓာတုပစ္စည်းများကို အရစ်စတိုလိုခီးယား အပင်မျိုးရင်းမှ ထုတ်ယူပြီး ယင်းအက်စစ်ကို  တရုတ်တိုင်းရင်းဆေးများတွင် ထည့်သွင်း ဖော်စပ်ကြကြောင်းလေ့လာမှုက ဆိုသည်။

ကလေးမီးဖွားစဉ် ယင်းတရုတ်တိုင်းရင်းဆေးများကို သုံး၍ကုသမှုများရှိကြောင်း  အက်စစ်ပါဝင်သည့် ယင်းဆေးကို မစားသုံးမိစေရန်အတွက် တင်းတင်းကျပ်ကျပ်ကာ ကွယ်ရန်လိုအပ်ကြောင်း သုတေသနပညာ ရှင်များက အကြံပြုခဲ့သည်။ ထိုင်ဝမ်ရှိဆေးရုံများတွင် သိမ်းဆည်းထားသော အသည်းအကျိတ် ၉၈ ခုကို သုတေသန ပညာရှင်များက စစ်ဆေးခဲ့ပြီး ယင်းအသည်းများ၏ ၇၈ ရာခိုင်နှုန်းသည် ဗီဇပြောင်းပုံစံများပါဝင်ပြီး ဓာတုပစ္စည်းများဖြင့် ထိတွေ့မှုကြောင့် ကင်ဆာဖြစ်ခဲ့ဖွယ်ရှိကြောင်းကို ညွှန်ပြခဲ့သည်ဟု လေ့လာမှုက ဖော်ပြခဲ့သည်။

AA အက်စစ်များကြောင့် ဗီဇပြောင်းမှုကို စစ်ဆေးပြီး တရုတ်တွင် ကင်ဆာဖြစ်သည့် အသည်းနမူနာ ၈၉ ခုကို လေ့လာခဲ့ရာ  ၄၇ ရာခိုင်နှုန်းသည် ယင်းတိုင်းရင်းဆေးပစ္စည်းနှင့် ဆက်နွှယ်မှုရှိကြောင်း တွေ့ရှိခဲ့သည်ဟု သုတေသနပညာရှင်များက ရေးသားခဲ့သည်။ ဗီယက်နမ်တွင် အသည်းအကျိတ် ၂၆ ခုကို လေ့လာခဲ့ရာ ငါးခုသည် တိုင်းရင်းဆေးတွင်ပါဝင်သည့် အက်စစ်နှင့်ဆက်နွှယ်နေပြီး အရှေ့တောင်အာရှနှင့် အခြားနိုင်ငံများမှ အသည်းကိုးခုကို လေ့လာခဲ့ရာ ငါးခုသည်လည်း အလားတူ ဆက်နွှယ်မှုရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။

တရုတ်တိုင်းရင်းဆေးနှင့် အသည်းကင်ဆာဖြစ်မှုသည် မြောက်အမေရိကတွင် အဖြစ်နည်းပြီး လေ့လာခဲ့သော အသည်း ၂၀၉ ခုအနက် ငါးရာခိုင်နှုန်းသာ ဆက်နွှယ်မှုရှိကြောင်း လေ့လာမှုက ဆိုသည်။ AA အက်စစ်သည် ကျောက်ကပ်ပျက်စီးစေပြီး ဆီးလမ်းကြောင်းကင်ဆာများဖြစ်စေကြောင်း လေ့လာတွေ့ရှိခဲ့ပြီးနောက် ထိုင်ဝမ်သည် ၂၀၀၃ ခုနှစ်တွင် အရစ်စတိုလိုခီးယား အပင်မှ ထုတ်ယူသည့် ဆေးများဖြင့် ကုသမှုကို တားမြစ်ခဲ့သည်။

သို့သော်လည်း ထိုင်ဝမ်နှင့်တရုတ်တွင်  ကျယ်ကျယ်ပြန့်ပြန့် တားမြစ်မှုမရှိဘဲ AAနှင့် ၎င်း၏ မျိုးကွဲများပါဝင်သည့် ထုတ်ကုန်များကို ပိတ်ပင်မှုမျိုးမဟုတ်ဘဲ ယင်းအပင်တစ်မျိုးကိုသာ သတ်မှတ်ပိတ်ပင်မှုကြောင့် သုံးစွဲသူများက ရှောင်ရှားရန် ခက်ခဲကြောင်း လေ့လာမှုက ပြောကြားခဲ့သည်။

Ref ; APF

Most Read

Most Recent