အာဖဂန် ရဲသင်တန်းကျောင်းသို့ အသေခံဗုံးခွဲသမားများ၊ သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်ရာ ၃၂ ဦးသေဆုံး

အာဖဂန် ရဲသင်တန်းကျောင်းသို့ အသေခံဗုံးခွဲသမားများ၊ သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်ရာ ၃၂ ဦးသေဆုံး
Published 18 October 2017

အောက်တိုဘာ ၁၇ ရက်က ကဘူးမြို့တွင် စစ်ရေးလေ့ကျင့်မှု၌ ရန်သူများအား ဖမ်းဆီးသည့်ပုံစံ ပြုလုပ်နေသော အာဖဂန်ကွန်မန်ဒိုများ (Photo : AP)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းမြို့တစ်မြို့ရှိ ရဲသင်တန်းကျောင်း တစ်ကျောင်းတွင် အသေခံဗုံးခွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှုတို့ ဖြစ်ပွားနေရာ သေဆုံးသူ ၃၂ ဦးအထိ မြင့်တက်လာပြီး လူ ၂၀၀ ကျော် ဒဏ်ရာရရှိထားသည်ဟု ဆေးရုံဝန်ထမ်း တစ်ဦးက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

“ဆေးရုံမှာ လူတွေပြည့်လျှံနေပါပြီ။ ကျွန်တော်တို့ သွေးလှူကြဖို့ ဆော်သြနေရပါတယ်” ဟု ပက်တီယာပြည်နယ်၏ မြို့တော်ဂါဒတ်ဇ်ရှိ ကျန်းမာရေးဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ရှီယာမိုဟာမက်ကာရီမီက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၇ ရက်မှာပင် ပက်တီယာ၏ အိမ်နီးချင်း ပြည်နယ်တွင်လည်း တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာ ရသွားခဲ့သည်။ ယခုလတွင် ပြည့်မည်ဖြစ်သော အာဖဂန်စစ်ပွဲ ၁၆ နှစ်ပြည့် အထိမ်းအမှတ်အတွက် အမေရိကန်က လေကြောင်း တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေစဉ် စစ်သွေးကြွတို့ကလည်း ၎င်းတို့၏ ထိုးစစ်ဆင်မှုကို ပိုမိုတိုးမြှင့်လာသည်။

ထိုတိုက်ခိုက်မှုကို တာလီဘန်တို့က ၎င်းတို့လက်ချက်ဟု Twitter တွင် ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရ သူများထဲတွင် အမျိုးသမီးများ၊ သင်တန်းသားများနှင့် ရဲတို့ပါဝင်ကြောင်း ပတ်တီယာ ပြည်နယ်၏ မြို့တော် ဂါဒတ်ဇ်ရှိ ပြည်သူ့ကျန်းမာရေး ဒါရိုက်တာ ဟီဒေယာတူလာ ဟာမီဒီက ဆိုသည်။

“ပထမဆုံး အသေခံဗုံးခွဲသမား တစ်ဦးဟာ အခြားတိုက်ခိုက်ရေး သမားတွေ စတင်ဝင်ရောက် တိုက်ခိုက်နိုင်စေဖို့ အတွက် ဖောက်ခွဲရေး ပစ္စည်းတွေ တင်ထားတဲ့ ကားတစ်စီးကို ရဲသင်တန်းကျောင်းအနီးမှာ ဖောက်ခွဲလိုက်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။ ပက်တီယာပြည်နယ် ရဲဌာနချုပ်အနီးတွင် တည်ရှိသည့် ထိုရဲသင်တန်းကျောင်းထဲ၌ လုံခြုံရေးတပ်ဖွဲ့များနှင့် အသေခံဗုံးခွဲဝတ်စုံများ ဝတ်ဆင်ကာ သေနတ်များ ကိုင်ဆောင်ထားကြသည့် တိုက်ခိုက်ရေးသမားတို့ အကြားတွင် တိုက်ပွဲများ လေးနာရီကျော် ကြာရှိပြီ ဖြစ်ကြောင်းလည်း ထိုထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

အာဖဂန်အမျိုးသားစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် အမျိုးသားရဲတို့၏ ပြည်နယ်ဆိုင်ရာ ဌာနချုပ်လည်း တည်ရှိသော အဆိုပါ ရဲသင်တန်းကျောင်းဝင်း အနီးတွင် ကားဗုံးနှစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာ ရဲတစ်ဦးက ဆိုသည်။ Twitter တွင် တင်ခဲ့သော ဓာတ်ပုံများထဲတွင် မြို့ပေါ်၌ မီးခိုးလုံးကြီးနှစ်လုံး တက်နေသည်ကို တွေ့ရသဖြင့် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်ဟု ယူဆရသည်။

ပက်တီယာပြည်နယ်သည် ပါကစ္စတန်၏ စစ်သွေးကြွ ထူပြောကာ တာလီဘန်မဟာမိတ် ဟက်ကာနီကွန်ရက်ရှိသည့် မျိုးနွယ်စုဒေသများနှင့် ထိစပ်နေသည်။ အမေရိကန် မောင်းသူမဲ့လေယာဉ်က ထိုမျိုးနွယ်စုဒေသ ထဲရှိကူရမ်ခရိုင်ထဲသို့ လေကြောင်းမှ တိုက် ခိုက်ခဲ့သဖြင့် ဟက်ကာနီအဖွဲ့ဝင်၂၆ ဦး သေဆုံးပြီး နာရီအနည်းငယ် အကြာတွင် ယခုရဲသင်တန်းကျောင်း တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုကူရမ်ခရိုင်တွင် ပြီးခဲ့သည့် သီတင်းပတ်ကပင် ၂၀၁၂ ခုနှစ်ကတည်းက အာဖဂန်၌ စစ်သွေးကြွတို့၏ ပြန်ပေးဆွဲခြင်းကို အမေရိကန်-ကနေဒါ မိသားစုကို ပါကစ္စတန် စစ်တပ်က ကယ်ဆယ်နိုင်ခဲ့သည်။ ထိုမိသားစုအား ဟက်ကာနီကွန်ရက်က ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent