မာရာဝီမြို့ကို အကြမ်းဖက်သမားတို့လက်မှ လွတ်မြောက်စေခဲ့ပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကြေညာ

မာရာဝီမြို့ကို အကြမ်းဖက်သမားတို့လက်မှ လွတ်မြောက်စေခဲ့ပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကြေညာ
Published 18 October 2017

အောက်တိုဘာ ၁၇ ရက်က ပျက်စီးနေသည့် မာရာဝီတွင် သွားလာနေသည့် ဖိလစ်ပိုင်စစ်သားများ

အကြမ်းဖက်သမားတို့ စီးနင်းသိမ်းပိုက် ထားသော တောင်ပိုင်းမြို့ မာရာဝီကို ပြန်လည် လွတ်မြောက်စေခဲ့ပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။ သို့သော်လည်း ငါးလကြာ ယင်းတိုက်ပွဲသည် မပြီးဆုံးသေးကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။ အရှေ့တောင်အာရှရှိ IS ခေါင်းဆောင် အစ်စနီလွန်ဟာပီလွန်ကို မာရာဝီတိုက်ပွဲတွင် ချေမှုန်းနိုင်ခဲ့ကြောင်း ဖိလစ်ပိုင် စစ်တပ်က ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဒူတာတေးက မာရာဝီမြို့ကို အကြမ်းဖက်သမားတို့၏ လွှမ်းမိုးမှုမှ လွတ်မြောက်စေခဲ့သည့် အခမ်းအနားကို ဦးဆောင်ဆင်နွှဲ ခဲ့ခြင်းဖြစ်သည်။

IS ကို သစ္စာခံသော စစ်သွေးကြွများအား ဆက်လက်ထိုးစစ်ဆင်နေပြီး မာရာဝီမြို့အတွင်း၌ စစ်သွေးကြွ ၂၀ မှ ၃၀ အထိ ကျန်ရှိနေကြောင်း ဖိလစ်ပိုင်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ သမ္မတဒူတာတေး၏ ကြေညာချက်သည် မာရာဝီ ပြန်လည်ထူထောင်ရေးအတွက် စတင်ဆောင်ရွက်ရန် အချက်ပြမှုဖြစ်ကြောင်း စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ရက်စတီတူတို ပါဒီလာက ပြောကြားခဲ့သည်။

ကက်သလစ်အများစု နေထိုင်သော ဖိလစ်ပိုင်တွင် မွတ်စလင်တို့ အဓိကနေထိုင်သည့် မာရာဝီမြို့ကို မေ ၂၃ တွင် IS လိုလားသူ သေနတ်သမား တစ်စုက စီးနင်းသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲများ စတင်ခဲ့သည်။ အရှေ့တောင်အာရှ၌ IS နယ်မြေထူထောင်ရန် ဦးဆောင်ကြိုးပမ်းသော ဟာပီလွန်ကို ဖမ်းဆီးရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် မာရာဝီကို အကြမ်းဖက်သမားတို့က စီးနင်းခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များသည် အရှေ့တောင်အာရှရှိ IS ဆိုင်ရာခေါင်းဆောင်အား သတ်ဖြတ်ခဲ့ပြီးနောက် ယင်းနေရာကို လွှဲပြောင်းရယူခဲ့ဖွယ်ရှိသော မလေးရှား စစ်သွေးကြွတစ်ဦးအား ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၁၇ ရက်တွင် လိုက်လံရှာဖွေနေကြောင်း သိရသည်။ မာမွတ်အာမက်သည် မာရာဝီမြို့တွင် ကျန်ရှိသည့် ထိပ်တန်းပစ်မှတ်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ရက်စတီတူတိုပါဒီလာက အောက်တိုဘာ ၁၇ တွင် ပြောကြားခဲ့သည်။ ငါးလနီးပါး ကြာမြင့်ခဲ့သည့် မာရာဝီမြို့ စီးနင်းခံရမှုတွင် လူ ၁၀၀၀ ကျော် သေဆုံးထားပြီး အရှေ့တောင်အာရှ၏ IS ခေါင်းဆောင် အစ်စနီလွန်ဟာပီလွန်ကို ချေမှုန်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်က အောက်တိုဘာ ၁၆ တွင် ကြေညာခဲ့သည်။ မာမွတ်အာမက်သည် အသက်ရှင်လျက်ရှိနေလျှင် ဖိလစ်ပိုင်တောင်ပိုင်းရှိ IS နှင့် ဆက်နွှယ်သော သူပုန်များအား ဦးဆောင်မှုပေးနေဖွယ်ရှိကြောင်း စင်ကာပူရှိ အက်စ်ရာဂျာရက်နန် အပြည်ပြည်ဆိုင်ရာ လေ့လာရေးကျောင်းမှ အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူ အာမက်ကူးမားရာမာခရစ်ရှ်နားက ပြောကြားခဲ့သည်။ မာမွတ်အာမက်သည် မလေးရှားတွင် တက္ကသိုလ်ကထိက တစ်ဦးဖြစ်ပြီး IS လူသစ်စုဆောင်းရေးနှင့် နိုင်ငံရပ်ခြားမှ ဘဏ္ဍာငွေရှာဖွေရေးတို့အတွက် ခေါင်းဆောင် ဖြစ်သည်ဟုလည်း ဆိုသည်။

Ref : AFP

Most Read

Most Recent