သြစတြီးယား လူငယ်နိုင်ငံရေးသမားတစ်ဦး ရွေးကောက်ပွဲအနိုင်ရခဲ့အပြီး ဥရောပ၏ အသက်ငယ်ဆုံး ခေါင်းဆောင်ဖြစ်လာရန် နီးစပ်

သြစတြီးယား လူငယ်နိုင်ငံရေးသမားတစ်ဦး ရွေးကောက်ပွဲအနိုင်ရခဲ့အပြီး ဥရောပ၏ အသက်ငယ်ဆုံး ခေါင်းဆောင်ဖြစ်လာရန် နီးစပ်
Published 17 October 2017

အောက်တိုဘာ ၁၅ ရက်က ဗီယင်နာတွင် မဲထည့်ပြီးနောက် မီဒီယာအား တွေ့ဆုံနေသော နိုင်ငံခြားရေးဝန်ကြီး ခုဇ် (Photo: AP)

သြစတြီးယား လူငယ်နိုင်ငံရေးသမား ဆီဘက်စတန်ခုဇ်သည် အောက်တိုဘာ ၁၅ ရက်တွင် ရွေးကောက်ပွဲအနိုင်ရခဲ့အပြီး ဥရောပ၏ အသက်ငယ်ဆုံးခေါင်းဆောင်ဖြစ်လာရန် အလားအလာကောင်းနေသည်။ ၎င်း၏ပါတီသည် နှစ်ပေါင်း ၂၀ နီးပါးအတွင်း အကောင်းဆုံးရလဒ်ရရှိခဲ့ပြီးနောက် အခြားပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန် အလားအလာရှိနေသည်။

လူငယ်ခုဇ်၏ ကွန်ဆာဗေးတစ်ပြည်သူ့ပါတီ (OeVP) သည် ရွေးကောက်ပွဲ အကြိုရလဒ်များအရ ထောက်ခံမဲ ၃၁ ဒသမ ၇ ရာ ခိုင်နှုန်းရရှိခဲ့ပြီး ဝန်ကြီးချုပ် ခရစ်ရှန်ကားန်၏ ဆိုရှယ်ဒီမိုကရက်ပါတီ (SPOe) က ထောက်ခံမဲ ၂၆ ဒသမ ၉ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့၏နောက်တွင် အမျိုးသားရေးဝါဒီပါတီဖြစ်သော လွတ်လပ်ရေးပါတီ (FPOe) က ထောက်ခံမဲ ၂၆ ရာခိုင်နှုန်းဖြင့် ရပ်တည်ခဲ့ပြီး ၎င်းတို့၏ ဥရောပမဟာမိတ်ဖြစ်သည့် ဂျာမနီအမျိုးသားရေးဝါဒီပါတီ Alternative for Germany (AfD) က ပြီးခဲ့သောလတွင် ရရှိခဲ့သည့်မဲထက် နှစ်ဆပိုမိုများပြားသည်။ ထို့ပြင် FPOe ပါတီမဲရရှိခဲ့မှုသည် ၁၉၉၉ ခုနှစ်က ခေါင်းဆောင် Joerg Haider လက်ထက်က မဲ ၂၆ ဒသမ ၈ ရာခိုင်နှုန်းရရှိခဲ့ပြီးနောက်ပိုင်း ပါတီ၏အကောင်းဆုံးစံချိန်လည်းဖြစ်သည်။

ပါရမီရှင်ကလေးဟုလည်း အမည်ပြောင်ပေးခံထားရသည့် အသက် ၃၁ နှစ်ရှိ ခုဇ်သည် ပြီးခဲ့သောမေတွင် ဥနဠဏ ပါတီခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် လူသစ်တစ်ဦးအဖြစ်ပုံဖော်၍ ထောက်ခံသူများအား ဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းက ရွှေ့ပြောင်းအခြေချအရေးအား မာမာထန်ထန်တုံ့ပြန်ခဲ့ပြီး အခွန်များနှင့် ကြိုးနီစနစ်များအား သိသိသာသာ လျှော့ချသွားမည်ဟု ကတိပြုခဲ့သည်။ ခုဇ်သည် ညွန့်ပေါင်းအစိုးရဖွဲ့ရန်အတွက် ဖြစ်နိုင်ခြေအရှိဆုံး မဟာမိတ်မှာ အသက် ၄၈ နှစ်ရှိ ဟိန့်ဇ်ခရစ်ရှန်စထရာချီ၏ လူအများကြိုက်ပါတီ FPOe ဖြစ်သော်လည်း အာမ,မခံနိုင်သေးပေ။ အစိုးရဖွဲ့ရန် သမ္မတကတာဝန်ပေးပါက ပါတီအားလုံးနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ၎င်းသည် အပြောင်းအလဲလိုလားပြီး မိတ်ဖက်များလည်း လိုအပ်ကြောင်း ခုဇ်ကဆိုသည်။

နောက်ထပ်ရွေးချယ်စရာတစ်ခုမှာ SPOe ပါတီနှင့် ကြီးမားသောညွန့်ပေါင်းပါတီသစ် ဖွဲ့စည်းနိုင်ခြေဖြစ်သည်။ သို့သော် SPOe ပါတီနှင့်လက်တွဲ၍ ၁၀ နှစ်ကြာ ခါးသီးသော ညွန့်ပေါင်းအုပ်ချုပ်မှုအား ပြီးခဲ့သောမေတွင် ခုဇ်က ရပ်ဆိုင်းပစ်ခဲ့သဖြင့် ၎င်းတို့နှစ်ပါတီညွန့်ပေါင်းဖွဲ့ရန် ဖြစ်နိုင်ခြေနည်းပါးနေသည်။ လူဦးရေ ၈ ဒသမ ၇၅ သန်းရှိပြီး ဥရောပသမဂ္ဂတွင် ချမ်းသာသောအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော သြစတြီးယား၌ FPOe ပါတီနှင့် SPOe ပါတီတို့အကြား ညွန့်ပေါင်းဖွဲ့ရန်မှာမူ ဖြစ်နိုင်ခြေအနည်းပါးဆုံးဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်နေသော ခုဇ်သည် ၂၀၁၆ ခုနှစ်တွင် ရွှေ့ပြောင်းအခြေချများ၏ ဘော်လ်ကန်လမ်းကြောင်းအား ပိတ်ပစ်မှုအတွက် အခရာကျခဲ့သည်။ ခုဇ်က နိုင်ငံခြားသားအားလုံး၊ ဥရောပသမဂ္ဂ၏ ကျန်အဖွဲ့ဝင်နိုင်ငံများထဲမှ နိုင်ငံသားများကိုပင် ၎င်းတို့၏အကျိုးခံစားခွင့်များ ဖြတ်တောက်ရန်၊ ဗျူရိုကရေစီစနစ်အား လျှော့ချရန်၊ နိုင်ငံ့ရေးရာများတွင် ဥရောပသမဂ္ဂ၏ ဝင်ရောက်ပြောဆိုနေမှုများကို ရပ်တန့်ရန် လုပ်ဆောင်လိုကြောင်း ထုတ်ဖော်ပြောကြားထားသည်။

Most Read

Most Recent