မြန်မာနိုင်ငံမှ ဘင်္ဂါလီများ ဝင်ရောက်မည်ကို စိုးရိမ်သောကြောင့် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယနှင့် နယ်စပ်၌ လုံခြုံရေးမြှင့်တင်

မြန်မာနိုင်ငံမှ ဘင်္ဂါလီများ ဝင်ရောက်မည်ကို စိုးရိမ်သောကြောင့် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယနှင့် နယ်စပ်၌ လုံခြုံရေးမြှင့်တင်
Published 17 October 2017

အောက်တိုဘာ ၁၀ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး ရပ်နေသော ကလေးတစ်ဦး (Photo: AFP)

အိန္ဒိယက ရာနှင့်ချီသော မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များကို ၎င်းတို့နယ်မြေအတွင်းသို့ လာရောက်ထိုးထည့်မည်ကို စိုးသောကြောင့် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယနှင့်ထိစပ်နေသည့် ၎င်းတို့၏ အနောက်ဘက်နယ်စပ်ကို လုံခြုံရေးမြှင့်တင်လိုက်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ အနောက်ဘင်ဂေါပြည်နယ်နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်၌ ကင်းလှည့်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး အနောက်ဘင်ဂေါပြည်နယ်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်သို့ သွားစေရန်အတွက် လမ်းကြောင်းပေးရန် မကြာသေးမီ သီတင်းပတ်များအတွင်းက အမိန့်ရရှိထားကြောင်း ပြောပြကြသည်ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ နယ်မြေကြီးကြပ်ရေးမှူး တာရီကူးဟာကင်က ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယကို ကျဉ်းမြောင်းသော မြစ်ကလေးသာ ခြားထားသည့် တစ်ဖက်ကမ်း နယ်စပ်စခန်းဖြစ်သော ပက်ခါလီတွင် ဘင်္ဂါလီများ စုဝေးနေသည်ကို လှမ်းမြင်ရကြောင်း ပြောပြခဲ့သည်။

“ကျွန်တော်တို့နယ်မြေထဲကို ရိုဟင်ဂျာတွေလာပြီး ထိုးမထည့်နိုင်အောင် စောင့်ကြည့်မှုနှင့် ကင်းလှည့်မှုတွေကို မြှင့်တင်ထားပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး ဟာကင်က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ၄၀,၀၀၀ ရှိသော်လည်း အိန္ဒိယအစိုးရက ၎င်းတို့အားပြန်ပို့ရန် လိုလားလျက်ရှိသောကြောင့် လွန်ခဲ့သည့်လက ၎င်းတို့သည် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်ကြောင်း ထိပ်တန်းတရားရုံးတစ်ခုသို့ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များသည် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ၎င်းတို့၏မိသားစုများနှင့် ပြန်လည်ပူးပေါင်းရန် ကြိုးပမ်းနေနိုင်ကြောင်း ဟာကင်က ပြောကြားခဲ့သည်။ သြဂုတ်လမှစ၍ မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း ၅၀၀,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရှိနေသည်။

သြဂုတ် ၂၅ ရက်မှစ၍ ခန့်မှန်းခြေဒုက္ခသည်ပေါင်း ၅၃၆,၀၀၀ သည် မြန်မာနိုင်ငံ အနောက်ပိုင်းတွင်ဖြစ်ပွားသော အကြမ်းဖက်မှုများမှ ထွက်ပြေးလာပြီး ယင်းအကြမ်းဖက်မှုများကို ကုလသမဂ္ဂက လူမျိုးစုလိုက်သုတ်သင်မှုဟု ခေါ်ဆိုခဲ့သည်။

အနောက်ဘင်ဂေါပြည်နယ်မှ အိန္ဒိယနယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးက ကင်းလှည့်အဖွဲ့သည် နယ်စပ်တွင် တွေ့ရှိရသမျှသော ဘင်္ဂါလီမွတ်စလင်အားလုံးကို ဒေသခံရဲတပ်ဖွဲ့တို့ လွှဲပြောင်းပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

“ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ ဦးတည်ချက်တွေက လုံးဝရှင်းပါတယ်။ ဒါကရိုဟင်ဂျာတွေ အားလုံးကို ဘင်္ဂါလားဒေ့ရှ်နိုင်ငံထဲ မောင်းထည့်ဖို့ပါပဲ” ဟု အမည်မဖော်လိုသော အိန္ဒိယနယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ တာဝန်ပြီးမြောက်အောင် ဒေသခံတွေရဲ့ ထိထိရောက်ရောက် ထောက်ပံ့မှုနဲ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သော အဗ္ဗဒူဟိုစိန်က နယ်စပ်တစ်လျှောက်ရှိ ရွာများအား အကြီးအကျယ် နှိုးဆော်ထားကြောင်း ပြောပြခဲ့ပြီး အသစ်ရောက်ရှိလာသော ဒုက္ခသည်များက နယ်စပ်ကိုဖြတ်ကူးရန် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့အား တိုက်တွန်းအားပေးခဲ့သည်ဟု ပြောပြကြသည်။

“သူတို့ဝင်လာမှာကို ကာကွယ်ဖို့ ကျွန်တော်တို့ နေ့ရောညပါ နယ်စပ်မှာကင်းလှည့်နေပါတယ်။ ဒေသခံရွာသားတွေကလည်း ကင်းလှည့်ရာမှာ ကျွန်တော်တို့ကို ပါဝင်ကူညီပါတယ်” ဟု ဟိုစိန်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၃ ရက်တွင် နယ်စပ်ရှိ အနောက်တောင်ပိုင်းနေရာတစ်ခုကို ဖြတ်ကူးခဲ့သည့် ဘင်္ဂါလီမွတ်စလင် တစ်ဒါဇင်ကျော်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ အလွယ်တကူ ဖြတ်ကူးနိုင်စေရန်အတွက် အိန္ဒိယတပ်ဖွဲ့ဝင်များက ၎င်းတို့အား သံဆူးကြိုးကာထားသည့် အပိုင်းတစ်ပိုင်းကို ဖွင့်ပေးခဲ့သည်ဟု ပြောပြကြကြောင်း ဒေသခံကောင်စီဝင် နာဇရူးအစ္စလာမ်က ပြောပြခဲ့သည်။

Most Read

Most Recent