လှေနစ်မြုပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီမွတ်စလင် ၁၀ ဦးသေဆုံး

လှေနစ်မြုပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီမွတ်စလင် ၁၀ ဦးသေဆုံး
Published 17 October 2017

အောက်တိုဘာ ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီရာခရိုင်ရှိ ဒုက္ခသည်စခန်းတစ်ခုအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီမွတ်စလင်များ လိုက်ပါလာသော လှေတစ်စင်းသည် အောက်တိုဘာ ၁၆ ရက်ကနစ်မြုပ်ခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူဒါဇင်နှင့်ချီ၍ ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လူ ၅၀ ခန့်လိုက်ပါလာသော ယင်းလှေသည် နတ်မြစ်ဝတွင် နစ်မြုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူး ဒုတိယဗိုလ်မှူးကြီး အက်စ်အမ်အာရီဖူးအစ္စလာမ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အန္တရာယ်များသော ရေလမ်းခရီးကိုဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ရန်ကြိုးပမ်းသည့် ဘင်္ဂါလီမွတ်စလင်များအနက် ၂၀၀ နီးပါးသည် ပြီးခဲ့သည့်သီတင်းပတ် ခြောက်ပတ်အတွင်း ရေနစ်သေဆုံးထားပြီးဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူ ၂၁ ဦးသည် ရေကူး၍လွတ်မြောက်ခဲ့ပြီး ကမ်းခြေစောင့်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များသည် နတ်မြစ်အတွင်း၌ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေကြောင်း အစ္စလာမ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ကလေးခြောက်ဦးနှင့် အမျိုးသမီးလေးဦး၏ အလောင်းကို ရှာဖွေတွေ့ရှိကြောင်း အကြီးတန်းရဲမှူး ရှိတ်အာရှရာဖတ်ဇာမန်က ပြောကြားခဲ့သည်။

နံနက်ခင်းဝတ်ပြုချိန်တွင် ငါးဖမ်းလှေနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း လှေနစ်မြုပ်မှုကို မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ် ခုနစ်ပတ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီမွတ်စလင် ၅၃၆,၀၀၀ ဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂက ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင် ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း၌ နောက်ထပ် ၁၂,၀၀၀ ထပ်မံဝင်ရောက်ခဲ့ကြောင်း နယ်ခြားစောင့်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် အီဂဘာအာမက်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် ဘင်္ဂါလီမွတ်စလင်များအတွက် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်ရန် ဧက ၃၀၀၀ ရှိသော မြေနေရာကို ချထားပေးထားသည်။ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များသည် ယင်းမြေနေရာတွင် ယာယီတဲများ တည်ဆောက်နေထိုင်နေကြသည်။

နတ်မြစ်တွင် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များ လိုက်ပါလာသော လှေနစ်မြုပ်မှုကြောင့် လူ ၃၄ ဦးထက်မနည်း သေဆုံးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ယခုနောက်ဆုံး လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent