စင်ကာပူတွင် စက်ရုပ်အနှိပ်သည်ကို စတင်အသုံးပြုနေ

စင်ကာပူတွင် စက်ရုပ်အနှိပ်သည်ကို စတင်အသုံးပြုနေ
Published 15 October 2017

အောက်တိုဘာ ၁၂ ရက်က စက်ရုပ်အနှိပ်သည်က လူနာအား နှိပ်ပေးနေမှုကို စောင့်ကြည့်နေသော တရုတ်တိုင်းရင်းဆေးပညာရှင် ကာလစ်စတာလင်း (Photo: AFP)

အီမာ (Emma) ဟု အမည် ပေးထားသော စက်ရုပ် အနှိပ်သည် သည် ဧရာမ သတ္တုလက်၊ နွေးထွေးသော ဆီလီကွန်ထိပ်ဖျားတို့ဖြင့် စင်ကာပူတို့ကို အဆင့်မြင့်နည်းပညာသုံး နောက်ကျောနှိပ်နယ်မှုကို ဆောင်ရွက်ပေးနေပြီဖြစ်သည်။ စင်ကာပူ လုပ်ငန်းသစ် Ai Treat က တည်ဆောက်ထားသော ယင်းစက်ရုပ်သည် ယခုသီတင်းပတ်တွင် စင်ကာပူရှိ ဆေးခန်းတစ်ခု၌ စတင် လုပ်ငန်းခွင် ဝင်နေပြီဖြစ်သည်။

တရုတ်တိုင်းရင်းဆေးတွင် ကျင့်သုံးသော “ထွေနာ” အနှိပ်ကို လူက နှိပ်ပေးသကဲ့သို့ အီမာစက်ရုပ်က နှိပ်ပေးနိုင်သည်ဟု စက်ရုပ်တည်ဆောက်သူများက ဆိုသည်။

တရုတ်တိုင်းရင်းဆေးခန်း တွင် အီမာနှင့် တစ်နာရီ အနှိပ်ခံမည်ဆိုပါက ဒေါ်လာ ၅၀ ပေးရမည်ဖြစ်သည်။ လူသားကုထုံး ဆရာက ငါးမိနစ်ခန့် နှိပ်နယ်ပြီး အပ်စိုက်ကုထုံး ဖြင့် မိနစ် ၂၀ ခန့် ဆောင်ရွက်ပြီးနောက် စက်ရုပ်က ဆက်လက်နှိပ်နယ်ပေးခြင်းဖြစ်သည်။

Nova Health TCM ဆေးခန်းမှ တရုတ်တိုင်းရင်းဆေးပညာရှင် ကာလစ်စတာလင်းက ယင်းစက်ရုပ်သည် သူ၏ အလုပ်တာဝန်များကို သက်သာစေပြီး လူနာများအား ပိုမိုကြည့်ရှုနိုင်ရန် အထောက်အကူပေးကြောင်း ပြောကြားခဲ့သည်။

“လူတွေက နည်းနည်းပင်ပန်းပြီး ရာသီဥတုကြောင့်ဖြစ်ဖြစ် သူတို့အလုပ်ချိန် ပိုမလုပ်ချင်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အီမာကတော့ ကျွန်မက သွားလို့ ပြောလိုက်တာနဲ့ သူက အလုပ်လုပ်တော့တာပါပဲ”ဟု လင်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

စင်ကာပူတွင် ကုထုံးဆရာကောင်းများ ရှာဖွေရန်  ခက်ခဲနိုင်သောကြောင့် စက်ရုပ်အနှိပ်သည်, သည် အလုပ်သမား လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးရန် အသုံးဝင်မည်ဖြစ်သည်။

“ထွေနာ” အနှိပ်နည်းသည်  ခန္ဓာကိုယ်၏ အချို့နေရာများအား ဖိအားပေးရပြီး တရုတ်တိုင်းရင်း ဆေးဆရာများက ယင်းနှိပ်နည်းသည် ခေါင်းကိုက်ခြင်းမှသည် စိတ်ကျခြင်းအထိ အပယိက ဖျားနာမှု အမျိုးမျိုးကို သက်သာရာရစေသည်ဟု ယုံကြည်ကြသည်။

နန်းယန်နည်းပညာတက္ကသိုလ်က မွေးထုတ်ပေးခဲ့သော Ai Treat ၏ အမှုဆောင်ချုပ် ကျန်းယီကျောင်က အီမာစက်ရုပ်သည် လူ၏ ခန္ဓာကိုယ်တွင် တောင့်တင်းမှုများကို စစ်ဆေးသိရှိရန်နှင့် သွေးများလည်ပတ်မှု ပိုမိုကောင်းမွန်စေရန်အတွက် အာရုံခံကိရိယာများ သုံး စွဲထားကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အနှိပ်ခံသူများသည် ထိတ်လန့်ဖွယ်ရုပ်ရှင်များကို ကြည့်ထားသောကြောင့် စက်က နှိပ်နယ်ပေးမှုနှင့်ပတ်သက်ပြီး အစောပိုင်းတွင် စိုးရိမ်ခဲ့ကြကြောင်း လင်းက ပြောကြားခဲ့သည်။

အနှိပ်ခံပြီးနောက်တွင်မူ စက်ရုပ်၏ နှိပ်နယ်မှုကို အများစုက လက်ခံကြိုဆိုခဲ့ကြကြောင်း လင်းက ဆိုသည်။

အသက် ၃၅ နှစ်အရွယ် အယ်လိန်လိုသည် နောက်ကျောနာကျင်မှုကို ခံစားနေရသူဖြစ်ပြီး စက်ရုပ်ဖြင့် အနှိပ်ခံမှုကို နှစ်ခြိုက်ကြောင်း သူက ပြောကြားခဲ့သည်။

တိုင်းရင်းဆေးဝါးများနှင့် အပ်စိုက်ကဲ့သို့သော နည်းများကို အသုံးပြုသည့် တရုတ်တိုင်းရင်းဆေးသည် တရုတ်အများစုရှိသည့် စင်ကာပူတွင် လူကြိုက်များသည်။

Most Read

Most Recent