<

တာလီဘန်တို့၏ ငါးနှစ်ကြာ ဖမ်းဆီးခြင်း ခံခဲ့ရသော အမေရိကန်-ကနေဒါ စုံတွဲ ပြန်လည်လွတ်မြောက်

အောက်တိုဘာ ၁၂ ရက်တွင် SITE အဖွဲ့က ထုတ်ပြန်ခဲ့သည့် ဗီဒီယို၌ ဖမ်းဆီးခံထားရသည့် ကနေဒါ အမျိုးသားနှင့် အမေရိကန် အမျိုးသမီးတို့အား တွေ့ရစဉ် (Photo: AFP)

တာလီဘန်တို့၏ နှစ်နှင့်ချီ ဖမ်းဆီးခြင်း ခံခဲ့ရသော အမေရိကန်-ကနေဒါ စုံတွဲတစ်တွဲသည် ပါကစ္စတန်၏ ကယ်ဆယ်ရေး စစ်ဆင်ရေး တစ်ခုကြောင့် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ယင်းအမျိုးသားသည် ဂွမ်တာနာမို အကျဉ်းသားဟောင်းတစ်ဦးနှင့် အတိတ်က ဆက်နွှယ်မှု ရှိခဲ့မှုအား စိုးရိမ်မှုကြောင့် ယင်းစုံတွဲသည် အမေရိကန်သို့သွားရန် ငြင်းဆန်ခဲ့ပြီး ယခုအခါ ကနေဒါသို့ သွားရန် လန်ဒန်သို့ အောက်တိုဘာ ၁၃ ရက်တွင် ထွက်ခွာခဲ့ကြောင်း ပါကစ္စတန် စစ်ဘက် သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။

ဥပဒေ စိုးမိုးမှု ကင်းမဲ့သော အာဖဂန်-ပါကစ္စတန် နယ်စပ်ဒေသတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဟက်ကာနီကွန်ရက်၏ ငါးနှစ်ကြာ ဖမ်းဆီးမှုမှ ယင်းစုံတွဲ လွတ်မြောက်လာခဲ့မှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂုဏ်ပြုခဲ့သည်။ စစ်သွေးကြွအဖွဲ့ အချို့အား ပါကစ္စတန်၏ ထောက်ပံ့နေမှုအတွက် ဖိအားပေးခဲ့သည့် အမေရိကန်၏ တင်းမာသော သံတမန်ရေးရာ ရပ်တည်မှု၏ ရလဒ်အဖြစ် ယင်းကဲ့သို့ ကယ်ဆယ်မှုများ ဖြစ်လာခဲ့ကြောင်း ထရန့်က ပြောခဲ့သည်။ ယင်းစုံတွဲအား ဖမ်းဆီးထားသူများသည် အာဖဂန် တာလီဘန်အဖွဲ့၏ ဒုတိယခေါင်းဆောင်လည်း ဖြစ်သည့် ဆီရာဂျူဒင်ဟက်ကာနီ ဦးဆောင်သော ဟက်ကာနီအဖွဲ့ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

ကိတ်လင်းကိုးမန်းနှင့် ဂျားရှ်ဝါဘွိုင်းတို့သည် ၂၀၁၂ ခုနှစ်တွင် အာဖဂန်၌ ခရီးသွားနေစဉ် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ကာလအတွင်း ကလေးသုံးဦး ရရှိခဲ့သည်။ ၎င်းတို့အား ကယ်ဆယ်မှုတွင်
အမေရိကန်တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ခြင်း မရှိဟု အမေရိကန် စစ်ဘက်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ပါကစ္စတန် စစ်တပ်က ၂၀၁၄ ခုနှစ်တွင် ထိုးစစ်ဆင်မှုအား အရှိန်မြှင့်ခဲ့သည့် အချိန်အထိ အပြစ်ပေးခံရမှုမှ ကင်းလွတ်နေသည့် ဟက်ကာနီကဲ့သို့ စစ်သွေးကြွများ လှုပ်ရှားနေသည့် ပါကစ္စတန်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရ လူမျိုးစု ဒေသ၏ အပိုင်းဖြစ်သော ကာရမ်ခရိုင်တွင် ယင်းစုံတွဲအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဘွိုင်းနှင့် ကိုးမန်းတို့သည် ၎င်းတို့၏ ကလေးများနှင့်အတူ ပြီးခဲ့သောနှစ် ဒီဇင်ဘာတွင် ဗီဒီယို၌ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့အား ကယ်တင်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဟက်ကာနီ ထူထောင်သူ၏ သားဖြစ်သူ အဲနဟက်ကာနီအား အာဖဂန် အစိုးရက ကွပ်မျက်ရန် စီစဉ်နေကြောင်း ကောလာဟလများ ထွက်ခဲ့ပြီးနောက် ယင်းဗီဒီယို ထွက်ခဲ့ခြင်းဖြစ်သည်။

ဘွိုင်းသည် ဂွမ်တာနာမိုတွင် ဆယ်စုနှစ် တစ်ခုကြာ ထိန်းသိမ်းခံခဲ့ရသော ကနေဒါဖွား အိုမာခါဒါ၏ ညီမဖြစ်သူ ဇေနက်ခါဒါနှင့် ၂၀၀၉ ခုနှစ်တွင် အခိုက်အတန့် လက်ထပ်ခဲ့ကြောင်း သိရသည်။ ကနေဒါကမူ ဘွိုင်းအား မည်သည့်စုံစမ်းစစ်ဆေးမှုမျှ မပြုလုပ်ဟု ပြောကြားခဲ့သည်။

ဟက်ကာနီကွန်ရက်သည် ပါကစ္စတန် စစ်ဘက်၏ ကာကွယ်ပေးမှု ရရှိထားသည်ဟု ကာလရှည်ကြာ သံသယရှိခံထားရသည်။ ဟက်ကာနီအဖွဲ့သည် ပါကစ္စတန် ထောက်လှမ်းရေး၏ လက်တံသဖွယ် ဖြစ်နေကြောင်း ၂၀၁၁ ခုနှစ်တွင် ယင်းအချိန်က အမေရိကန် စစ်ဦးစီးချုပ် အဖွဲ့ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလင်က ပြောခဲ့ဖူးသည်။

Ref: AFP

October 13, 2017














Copy Protected by Chetan's WP-Copyprotect.