တူရကီတပ်ဖွဲ့ဝင်များ ဆီးရီးယား အနောက်မြောက်ပိုင်း အတွင်းသို့ ၀င်ရောက်

အောက်တိုဘာ ၁၁ ရက်က ဆီးရီးယားနှင့် ထိစပ်နေသော တူရကီဘက်ခြမ်း စစ်စခန်းတစ်ခုအနီး သွားလာနေသော တူရကီစစ်သုံးယာဉ်များ (Photo: AFP)

ဆီးရီးယားတွင် ဂျီဟတ်တို့ ထိန်းချုပ်ထားသည့် အိုင်ဒလစ်ပြည်နယ်သို့ တူရကီ တပ်ဖွဲ့ဝင်များ ၀င်ရောက်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အောက်တိုဘာ ၁၂ ရက် နှောင်းပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တူရကီတပ်ဖွဲ့ဝင် ယာဉ်တန်းတစ်တန်းသည် အိုင်ဒလစ်ပြည်နယ်သို့ ၀င်ရောက်ခဲ့ပြီး အနောက်ဘက် အလက်ပိုပြည်နယ်သို့ ဦးတည်သွားနေကြောင်း ယင်းကြေညာချက်က ဖော်ပြခဲ့သည်။ အိုင်ဒလစ်ပြည်နယ်တွင် စောင့်ကြည့်ရေး စခန်းများကို စတင်တည်ထောင်နေပြီဖြစ်ကြောင်း တူရကီစစ်တပ်က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အထူးတပ်ဖွဲ့ဝင်များ အပါအ၀င် စစ်သား ၁၀၀ ကျော်နှင့် သံချပ်ကာယာဉ် ၃၀ သည် အိုင်ဒလစ်ပြည်နယ်သို့ ၀င်ရောက်ခဲ့ကြောင်း တူရကီ နေ့စဉ်သတင်းစာ ဟာရီရက်က ဖော်ပြခဲ့သည်။

ဆီးရီးယားစစ်ပွဲ နိဂုံးချုပ်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ပဋိပက္ခ လျှော့ချဇုန်တစ်ခု ဖန်တီးရန် စီစဉ်ထားကြောင်း တူရကီက ယခုသီတင်းပတ်တွင် ကြေညာထားခဲ့သည်။ အိုင်ဒလစ်ပြည်နယ်တွင် ယင်းဇုန်တည်ထောင်ရေး တစ်စိတ်တစ်ပိုင်း အနေဖြင့် ကင်းစခန်းများ တည်ထောင်ရန် ပြီးခဲ့သော သီတင်းပတ် အကုန်၌ အိုင်ဒလစ်ပြည်နယ်တွင် ကင်းလှည့် စောင့်ကြည့်နေကြောင်း တူရကီစစ်ဘက်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယား အနောက်မြောက်ပိုင်း ပြည်နယ် အိုင်ဒလစ်တွင် ဂျီဟတ်ညွန့်ပေါင်းအဖွဲ့ ဟာရက်တာရီယာအယ်ရှန်ကို တူရကီစစ်တပ်က ကျောထောက်နောက်ခံ ပေးထားသည့် သူပုန်အုပ်စုက ထိုးစစ်ဆင်သွားမည် ဖြစ်ကြောင်း တူရကီသမ္မတ ရီဆပ်တေယစ် အာဒိုဂန်က ကြေညာထားသည်။ ဆီးရီးယား ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် အက်စ်တာနား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်အညီ အိုင်ဒလစ်ပြည်နယ်တွင် ပဋိပက္ခလျှော့ချရေးဇုန် တည်ထောင်ရန် တူရကီ၊ ရုရှားနှင့် အီရန်တို့က ကြိုးပမ်းနေသည်။

ဆီးရီးယားတွင် ယင်းကဲ့သို့ အပစ်ရပ်ဇုန်လေးခု တည်ထောင်ရန် ယင်းနိုင်ငံများက သဘောတူညီကြသည်။ ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီး ဂိုအူတာ အရှေ့ဘက်တွင် ပဋိပက္ခ လျှော့ချရေး ဇုန်တစ်ခု၊ အလယ်ပိုင်း ဟွမ်ပြည်နယ်တွင် တစ်ခု၊ ဆီးရီးယားတောင်ပိုင်း နေရာများတွင် တစ်ခု တည်ထောင်ထားပြီး ယင်းဇုန်များကို ရုရှားစစ်ရဲများက စောင့်ကြည့် ထိန်းချုပ်နေသည်။

အိုင်ဒလစ်ပြည်နယ်ရှိ နေရာ အများစုကို အယ်ကေးဒါး၏ ဆီးရီးယားအဖွဲ့ခွဲ တစ်ဖွဲ့ဖြစ်သည့် ဟာရက်တာရီယာအယ်ရှန်က ထိန်းချုပ်ထားသည်။ တူရကီ လိုလားသော သူပုန်တပ်ဖွဲ့ဝင်များသည် အီရန်၊ ရုရှား၊ တူရကီ တပ်ဖွဲ့ဝင်များက အပစ်ရပ်ဇုန် အကောင်အထည် ဖော်ရန်အတွက် အယ်ရှန် သူပုန်တို့အား နှင်ထုတ်ရမည်ဖြစ်သည်။

ဆီးရီးယား ပဋိပက္ခတွင် ရုရှားက သမ္မတ ဘာရှားအယ်အာဆတ်ကို ထောက်ခံပြီး တူရကီက အာဆတ်ဖြုတ်ချရေး ကြိုးပမ်းသည့် သူပုန်တို့ကို ထောက်ခံသော်လည်း ယင်းနှစ်နိုင်ငံသည် မကြာသေးခင် လများအတွင်း၌ ပဋိပက္ခ နိဂုံးချုပ်ရေးကို အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နေသည်။ ဆီးရီးယား ဝေဟင်ပေါ်တွင် ရုရှားလေယာဉ်တစ်စင်းကို တူရကီက ပစ်ချခဲ့ပြီးနောက် နှစ်နိုင်ငံ သံတမန်ရေး အကျပ်အတည်း ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ယင်းအကျပ်အတည်းကို အဆုံးသတ်နိုင်ခဲ့သည်။ ထိုနောက်ပိုင်းတွင် တူရကီ သမ္မတ အာဒိုဂန်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် အစိုးရကို ဆန့်ကျင်သည့် ကန့်ကွက်ဆန္ဒပြမှုများမှ စတင်ခဲ့သော ဆီးရီးယား ပဋိပက္ခသည် နိုင်ငံစုံ ပါဝင်သည့် စစ်ပွဲအဖြစ် ပြောင်းသွားခဲ့ပြီး လူ ၃၃၀၀၀၀ ကျော် သေဆုံးထားပြီးဖြစ်သည်။

Ref: AFP