နော်ဝေက လျှပ်စစ်ကားများအတွက် အခွန်ကောက်ရန် ကြိုးပမ်းနေ

နော်ဝေက လျှပ်စစ်ကားများအတွက် အခွန်ကောက်ရန် ကြိုးပမ်းနေ
Published 14 October 2017

၂၀၁၅ ခုနှစ် မတ် ၁၇ ရက်က ရှန်ဟိုင်းရှိ ကားအရောင်းပြခန်းတွင် အားသွင်းထားသော Tesla ကားများ (Photo: AFP)

ကမ္ဘာတွင် လျှပ်စစ်ကားများ သုံးစွဲရေး၌ ကမ္ဘာ့ရှေ့ဆောင်ဖြစ်သော နော်ဝေက လျှပ်စစ်ကားများအတွက် ပေးထားသည့် အခွန်အခွင့်အရေးကို လျှော့ချရန် ကြိုးပမ်းသည့် အနေဖြင့် “Tesla Tax” အခွန်ကောက်ယူရန် အောက်တိုဘာ ၁၂ ရက်က အကြံပြုခဲ့သည်။ အခြားယာဉ်များအား ပြဋ္ဌာန်းထားသည့် အခွန်မျိုးမှ ကင်းလွတ်ခွင့် ပေးထားသော လျှပ်စစ်ယာဉ်များသည် ယခုနှစ် အစောပိုင်းမှစပြီး နော်ဝေတွင် ထပ်မံမှတ်ပုံတင်မှု ရာခိုင်နှုန်း ၂၀ မြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဘဏ္ဍာရေး အသုံးစရိတ်ကို ပါလီမန်သို့ တင်သွင်းခဲ့ရာ လက်ယာစွန်း အနည်းစု အစိုးရအဖွဲ့က နှစ်တန်အထက် အလေးချိန်ရှိသော လျှပ်စစ်ကားသစ်များအတွက် ပထမဆုံးအကြိမ် ဝယ်ယူမှု အခွန်ကင်းလွတ်မှု ပေးထားခြင်းအား ဖယ်ရှားရန် အကြံပြုခဲ့သည်။ ယင်းအကြံပြုချက်သည် အမေရိကန် ကုမ္ပဏီ Tesla က ထုတ်လုပ်သော အဆင့်မြင့် လျှပ်စစ်ကား မော်ဒယ်များကို သက်ရောက်မည် ဖြစ်သောကြောင့် Tesla အခွန်ဟု အမည်ပေးခံခဲ့ရခြင်းဖြစ်သည်။

Tesla X ကားသစ်တစ်စီးကို ဝယ်ယူမည် ဆိုပါက ယခုအခါ ဒေါ်လာ ၈၈၀၀ ခန့် ပိုမိုကုန်ကျမည်ဖြစ်သည်။ ယင်းအကြံပြုချက်ကြောင့် ငြင်းခုံမှုများ ချက်ချင်း ထွက်ပေါ်ခဲ့ပြီး ကမ္ဘာနှင့် နော်ဝေတို့အတွက် ဆိုးရွားသည့် အချက်ပြမှုဖြစ်ကြောင်း နော်ေ၀ လျှပ်စစ်ကားအသင်းဥက္ကဋ္ဌ ခရစ္စတီနာဘိုက ပြောကြားခဲ့သည်။ နော်ဝေရှိ ချမ်းသာသော သူများသည် Tesla ကားများကို ဝယ်ယူရာတွင် အခွန်ကင်းလွတ်ခွင့်အပြင် အခမဲ့ မြို့ဝင်ခွင့်၊ ရပ်နားခွင့်များ ရရှိထားကြောင်း ဝေဖန်သူများက ပြောကြားသည်။

Ref: AFP

Most Read

Most Recent