ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့်ပတ်သက်သော ကိုဖီအာနန်၏ ပြောကြားချက်ကို ကြားနာမည်

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့်ပတ်သက်သော ကိုဖီအာနန်၏ ပြောကြားချက်ကို ကြားနာမည်
Published 13 October 2017

၂၀၁၆ ခုနှစ် စက်တင်ဘာ ၆ ရက်က ရခိုင်ပြည်နယ်တွင် အခမ်းအနားတစ်ခု၌ စကားပြောနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Photo - AFP)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည်  အောက်တိုဘာ ၁၃ ရက်တွင် တရားဝင်မဟုတ်သော တွေ့ဆုံမှုတစ်ရပ်ကို ပြုလုပ်မည်ဖြစ်ပြီး ယင်းမှာ မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များ ကြုံတွေ့ရသည့် အတိဒုက္ခများနှင့်ပတ်သက်၍ ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ထံမှ အစီရင်ခံစာအသေးစိတ်ကို  ကြားနာရန်ဖြစ်ကြောင်း သံတမန်များက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ထိပ်တန်းနိုင်ငံရေးကိစ္စ ရပ်များဆိုင်ရာ အရာရှိ ဂျက်ဖရီဖဲတမင်သည်  ဘင်္ဂါလီမွတ်စလင်အရေးနှင့် ပတ်သက်၍ လေးရက်ကြာ ဆွေးနွေးရန်အတွက် အောက်တိုဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လနှောင်းပိုင်းကတည်းက ဘင်္ဂါလီမွတ်စလင်အများစု ပါဝင်သော လူပေါင်း ၅၀၀,၀၀၀ ကျော်သည် ကုလသမဂ္ဂက လူမျိုးစုလိုက် သုတ်သင်မှုဟု ရှုတ်ချခဲ့သော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ပြုလုပ်သည့် မြန်မာတပ်မတော်၏ စစ်ဆင်ရေးတစ်ရပ်ကြောင့် ထွက်ပြေးခဲ့ကြရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စစ်ဆင်ရေးကို ရပ်စဲရန်၊ ရခိုင်ပြည်နယ်ရှိ မီးလောင်ခဲ့သည့် ရွာများအထိရောက်အောင် အကူအညီပေးရေးအဖွဲ့များအား ဝင်ခွင့်ပေးရန်နှင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များ ဘေးကင်းလုံခြုံစွာ ပြန်နိုင်မှုကို ခွင့်ပြုရန်အတွက် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်တို့ကို တောင်းဆိုခဲ့သည်။

“မစ္စတာ ဖဲတမင်က ဒီအရေးပေါ်ကိစ္စတွေကို မြန်မာနိုင်ငံနဲ့ တိုင်ပင်ညှိနှိုင်းမှာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂအရာရှိက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သြဂုတ်လတွင် ကိုဖီအာနန် သည် ၎င်းက ဦးဆောင်သည့် အကြံပေးကော် မရှင်တစ်ရပ်၏ နောက်ဆုံးအစီရင်ခံစာကို တင်ပြခဲ့သည်။ ကိုဖီအာနန်သည် မြန်မာအရပ်သား အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ ရခိုင်အရေးနှင့်ပတ်သက်သော အကြံပေးကော်မရှင်ကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

ကိုဖီအာနန်၏ အစီရင်ခံစာတွင် နိုင်ငံမဲ့ဖြစ်နေပြီး ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့် နိုင်ငံ၌ ခွဲခြားဆက်ဆံမှုများကို ရေရှည်ရင်ဆိုင်ခဲ့ရသည့် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များ၏ အတိဒုက္ခများကို ဖော်ပြလျက် မြန်မာအာဏာပိုင်များအား အရေးပေါ် ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

လုံခြုံရေးကောင်စီက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီမွတ်စလင်များ အလုံးအရင်းဖြင့် ဝင်ရောက်လာမှု အကျပ်အတည်းကို ထိပ်တိုက်ရင်ဆိုင်ရန် နောက်ထပ်ခြေလှမ်းများအား ချိန်ဆနေချိန်$ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့က ကိုဖီအာနန်နှင့်တွေ့ဆုံရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ အစီရင်ခံစာတစ်စောင်က မြန်မာတပ်မတော်၏ စစ်ဆင်ရေးများသည် ရခိုင်ပြည်နယ်မှနေ၍ မွတ်စလင်လူနည်းစုကို ထာဝရ နှင်ထုတ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံက ဘင်္ဂါလီမွတ်စလင်များကို ပြန်လည်လက်ခံရေးတောင်းဆိုသည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ပြင်ဆင်နေသော်လည်း မြန်မာစစ်အစိုးရအဖွဲ့ဟောင်းကို ထောက်ခံသည့် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများမှာ နှေးကွေးနေသည်ဟု သံတမန်များက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်မည့် တံခါးပိတ်ဆွေးနွေးပွဲတစ်ရပ်တွင် ဒေသတွင်း နိုင်ငံအနည်းငယ်နှင့် ဒေသတွင်း အဖွဲ့များနှင့်တကွ လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးကို တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သံတမန်များက ပြောကြားခဲ့သည်။

Ref ; AFP

Most Read