တောင်ကိုရီးယား၏ စစ်ပွဲစီမံချက် အထောက်အထားများအား မြောက်ကိုရီးယား ဟက်ကာများက ခိုးယူခဲ့

တောင်ကိုရီးယား၏ စစ်ပွဲစီမံချက် အထောက်အထားများအား မြောက်ကိုရီးယား ဟက်ကာများက ခိုးယူခဲ့
Published 12 October 2017

ကင်ဂျုံအွန်နှင့် ၎င်း၏ ညီမဖြစ်သူ ကင်ယိုဂျုံ (ဝဲ) တို့ကို မတ် ၁၂ ရက်က တွေ့ရစဉ် (Photo: AFP)

မြောက်ကိုရီးယား ဟက်ကာများသည် တောင်ကိုရီးယားထံမှ ထိပ်တန်းလျှို့ဝှက်စစ်ပွဲ အစီအစဉ် အထောက်အထားများအား  ခိုးယူသွားခဲ့ပြီး ယင်းအထောက်အထားများတွင် တောင်ကိုရီးယား၏ အဓိကမဟာမိတ် အမေရိကန် ပါဝင်ပတ်သက်သော စစ်ပွဲ အစီအစဉ် များ အသေးစိတ်ပါဝင်ကြောင်း ချိုဆွန်းအီဘို  သတင်းစာက အောက်တိုဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

အာဏာရဒီမိုကရက်တစ်ပါတီမှ ဥပဒေပြုအမတ် ရီးချိုဟီးက ဟက်ကာများသည် ယမန်နှစ်စက်တင်ဘာက တောင်ကိုရီးယား စစ်ဘက်သုံးကွန်ရက်ကို ခိုးဝင်ခဲ့ပြီး အရေးကြီးသော အချက်အလက်များကို ၂၃၅ ဂီဂါဘိုက်အထိ ရရှိသွားခဲ့ကြောင်း ပြောကြားခဲ့သည်ဟု  ယင်းသတင်းစာက ဖော်ပြခဲ့သည်။

ပေါက်ကြားခဲ့သော အထောက်အထားများတွင် Operational Plans 5015 ပါဝင်ပြီး မြောက်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားပါက အသုံးပြုမည့်အစီအစဉ်များနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ခေါင်းဖြတ် သုတ်သင်ရေးလုပ်ငန်းစဉ် ပါဝင်ကြောင်း ရီးက ပြောကြားခဲ့သည်ဟု သတင်းစာက ကိုးကားဖော်ပြခဲ့သည်။ ရီးသည် တောင်ကိုရီးယား ပါလီမန် ကာကွယ်ရေးကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ယခုသတင်းအတွက် မှတ်ချက်ပေးရန် ဆက်သွယ်၍မရခဲ့ပေ။ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အစီအစဉ်ကို ဟန့်တားရန်အတွက် ပြုံယမ်းအား စစ်ရေးအရ အရေးယူဆောင်ရွက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်တွင် ပဋိပက္ခများဖြစ်ပွားမည်ကို စိုးရိမ်နေကြချိန်တွင် ယခုသတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပေါက်ကြားခဲ့သော အထောက်အထားများ၏ ၈၀ ရာခိုင်နှုန်းကို အတည်မပြုနိုင်သေးကြောင်း ရီးက ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သို့သော်လည်း တောင်ကိုရီးယား အထူးတပ်ဖွဲ့ဝင်များအတွက် စစ်ဆင် ရေးအစီအစဉ်၊ အမေရိကန်နှင့် နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုအစီအစဉ်၊ ဓာတ်အားပေးစက်ရုံများနှင့် အဓိက စစ်စခန်းများ၏ သတင်းအချက်အလက်များ ခိုးယူခံခဲ့ရသည်ဟု ရီးက ပြောကြားခဲ့သည်။

 

 

Most Read

Most Recent