မြစ်ကို ဖြတ်ကူး၍ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ရန်ကြိုးပမ်းသည့် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့များက ဆယ်ယူခဲ့

မြစ်ကို ဖြတ်ကူး၍ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ရန်ကြိုးပမ်းသည့် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့များက ဆယ်ယူခဲ့
Published 12 October 2017

အောက်တိုဘာ ၁၀ ရက်က နယ်စပ်သို့ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့သွားရန် စောင့်နေကြသူများကို မောင်တောရှိ ရွာဆိပ်တစ်ခုတွင် တွေ့ရစဉ် (Photo: AFP)

ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ရန်အတွက် နယ်စပ်မြစ်အား ရေပုံးများအကူဖြင့် ကြိုးပမ်းနေသော ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်တစ်စုအား ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က အောက်တိုဘာ ၁၁ ရက်တွင် ဆယ်ယူ ကယ်တင်ခဲ့ကြောင်း သိရသည်။ နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ရန် လှေတစ်စီးအား စောင့်ဆိုင်းနေသည့် ဘင်္ဂါလီ မွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) ၁၁ ဦးအား ဆယ်ယူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

“သူတို့က မြစ်ဝကိုဖြတ်ပြီး ၁ ဒသမ ၂၅ မိုင် (၂ ကီလိုမီတာ)လောက်ကို ရေကူးပြီးသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရှားပိုရီယာဒီဝှစ်မြို့ အနီးမှာ စည်ပိုင်းတွေနဲ့မျှောနေတုန်း သူတို့ကို ကမ်းရိုးတန်းစောင့်တပ်ဖွဲ့တွေက ဆယ်ယူခဲ့ပါတယ်”ဟု နယ်ခြားစောင့်တပ်ဖွဲ့တာဝန်ရှိသူ အဗ္ဗဒူဂျာလီက ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များသည် မြစ်ကမ်း၌ စောင့်ဆိုင်းနေသော မိသားစုများထံ ရောက်ရှိရန်အတွက် လှေငှားရန် စီစဉ်ခဲ့ကြကြောင်း သို့သော်လည်း လှေက ရောက်မလာခဲ့ကြောင်း ဂျာလီက ပြောကြားခဲ့သည်။ နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံနောက်ပိုင်းကို ပိုင်းခြားထားပြီး ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ရန်ကြိုးပမ်းသည့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်အများစုသည် ယင်းရေလမ်းကို အသုံးပြုကြသည်။

အန္တရာယ်ကြီးသော ရေလမ်းခရီးတွင် ရေနစ်သေဆုံးသူ ၁၆၀ နီးပါးရှိပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် ငါးဖမ်းလှေများကို ဖျက်ဆီးနေပြီး နယ်စပ်ကိုဖြတ်၍ ဘင်္ဂါလီမွတ်စလင်များအား မှောင်ခိုကူးသူဟု စွပ်စွဲခံရ သော လှေဦးစီးများအား ဖမ်းဆီးထောင်ချခဲ့သည်။

မကြာသေးခင်သီတင်းပတ်များအတွင်း၌ ဘင်္ဂလားဒေ့ရှ်သို့ဝင်ရောက်မှု နှေးကွေးသွားခဲ့သော်လည်း ယခုအခါ ပြန်လည်မြင့်တက်လာဖွယ်ရှိပြီး အောက်တိုဘာ ၉ ရက် တစ်ရက်တည်းတွင် ဒုက္ခသည် ၁၁၀၀၀ ခန့် ထပ်မံရောက်ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံမှ ထပ်မံဝင်ရောက်လာမှုများအတွက် ပြင်ဆင်သည့်အနေဖြင့် ကြားခံ စင်တာတစ်ခု တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ များသည် အောက်တိုဘာ ၁၁ ရက်၌ အိန္ဒိယမှ ဝင်ရောက်လာသော ဘင်္ဂါလီမွတ်စလင် ၁၉ ဦးကို ထိန်းသိမ်းခဲ့ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူ မူရှဝပ်ဟိုစိန်က ပြောကြားခဲ့သည်။

 

 

 

 

Most Read

Most Recent